Tuesday 1 February 2011

ဆိုးဝါးတဲ့ ကံကြမ္မာ

မဟာချူလာတက္ကသိုလ်မှ ပြန်ရောက်ပြီး လွယ်အိပ်ကလေးချလို့ အမောပင်မပြေနိုင်သေးပါ..

ဖုန်းမြည်လာတယ် ဦးဇင်း တပည့်တော်မ အသိတစ်ယောက် ဦးဇင်းဆီလာတယ် တနင်္ဂနွေဆွမ်းစားပင့်ခြင်လို့ပါတဲ့ ဖုန်းဆက်လာတာက အပျိုခေါင်းဆောင် လူထောင်ချီရှိတဲ့စက်ရုံမှာ မြန်မာတွေရဲ့ သာရေးနာရေးကို စေတနာထားဆောင်ရွက်ပေးနေတဲ့ ဒကါမ..

ဦးဇင်းတို့ကျောင်းမှာရှိတဲ့ မြန်မာသံဃာ ၁၀၀ ကျော်ကို လစဉ် ရေဖိုးမီးဖိုး ဦးဆောင်လှူပေးနေသော ဒကါမ..

သူက လွှတ်လိုက်တာက ဒကါ.. ပိန်ပိန်ပါးပါး ပုသိမ်သား..

ဦးဇင်းဆီလာပြီး ရှိခိုးကန်တော့လိုက်တော့ ဦးဇင်းကဘဲမေးရတယ်

ဘာဆွမ်းကပ်မှာလဲ

နို့ဆွမ်း

ဟိုက်.. တခါမှ မကြားဖူးပါလား.. ဖုန်းကြီးဝတ်လာတာ ၁၉၉၇ ကတည်းက.. ဘယ်လိုကြီးပါလိမ့်

ဦးဇင်းအတွေးမမီတော့… မေးရုံမှ တပါးအခြားမရှိတော့

ဘာလို့နို့ဆွမ်းကပ်တာလဲ….

တပည့်တော်သမီး လေးဆုံးလို့ပါ…

အသက်ဘယ်လောက်ကြီးပလဲ

တရက်သမီးလေးဆုံးသွားတာပါ..နာမည်က ခင်မျိုးပါ.

ဘယ်လိုဆုံးသွားတာလဲ…

မွေးချိန် လေးနာရီကျော်သွားတယ် ဦးဇင်းရေ တာဝန်ကျဆရာမတွေကိုလည်း ခဏခဏ ပြောသေးတယ် ခွဲမွေးမှ ရမယ်ဆိုလည်း ခွဲမွေးပါ့မယ် သားဦးလေးမို့ပါ .. အိမ်ထောင်သက်တမ်းလည်း ၅နှစ်ကျော်ပါပြီ အခုမှ ကလေးတင်တာပါ …

တာဝန်ကျဆရာမက ရပါတယ်တဲ့ (အင်းလေ ရပါတယ်ဘဲပြောမှာပေါ့ ပိုက်ဆံရတာက နည်းတယ်လေ.. ခွဲမွေးရင် သူတို့ အလုပ်သရီမယ် ပိုက်ဆံပိုစိုက်ရမယ်လေ)

တပည့်တော်လည်း

အော် ရပါလိမ့်မယ်ပေါ့

ဒါပေမဲ့ သမီးလေးကို ခက်ခက်ခဲခက်နဲ့ လေးနာရီကျော်ကြာမွေးနေတယ် ခွဲဖို့စိတ်မကူးကြဘူး အထဲကသမီးလေး သားအိမ်ကျဉ်းကျဉ်းလေးထဲမှာ ဘယ်လောက်အနေကြပ်လိုက်မလဲ ဘယ်လောက်အသက်ရှူခက်လိုက်မလဲ ကျွန်မ အသက်ရှူလို့မရဘူး မွန်းနေတယ် ကျွန်မကို ခွဲမွေးမှ ရမယ်လို့လည်း စကားမပြောနိုင်ဘူး… ကျွန်မကို ကယ်ကြပါ.. မြန်မြန်လေးအသက်ရှူခွင့်ရအောင် လုပ်ပေးကြပါ ပိုက်ဆံမျက်နှာမကြည့်ပါနဲ့ လူမျိုးမျက်နှာမကြည့်ပါနဲ့ လူသားတစ်ယောက်ဆိုတဲ့ အမြင်မျိုးလေးနဲ့ဘဲ ကျွန်မကို လူလောကထဲ ရောက်အောင် မွေးပေးပါလို့ သမီးလေးမပြောနိုင်ခဲ့ပါ နှစ်မိနစ် သုံးမိနစ်လောက် အသက်အောင့်ထားရင်တောင် အတော်အနေခက်ရတယ် လေးနာရီဆိုတဲ့အချိန် စဉ်းစားသာကြည့်ကြပါ

ဘန်ကောက်မှာ ဘန့်ဘောကောက် ဆိုတဲ့ ဆေးရုံတွေရှိတယ် ကိုယ့်မှာ ဘတ် (အလုပ်သမားကဒ်) သို့ ယာယီပတ်စ်ပို့ ရှိရင် ကြိုက်တဲ့ ဆေးရုံပြ ဘတ် ၃၀ ဘဲပေးရတယ် ဘတ်သောင်းချီဘဲကုန်ပါစေ ဒါလောက်ပဲပေးရတယ် … နဲနဲဘဲကွာတယ်နော်..

ဒါပေမဲ့.. မြန်မာ လူမျိုး ဆိုရင် ထိုင်းတွေက အယုဒ်ဓယမြို့ဟောင်း အတိတ်သမိုင်းကြောင်း ဦးအောင်ဇေယျ ဆိုတဲ့ရာဇ၀င်ကြွေးတွေ သူတို့ခေါင်းထဲဝင်လာတယ် အဲဒီမျက်နှာဖုံးတွေနဲ့ ကြည့်ကြတယ် သူတို့မှာ အဲဒီအငြိုးတွေရှိနေသေးတယ်… ဒီရောက်မှ ကိုယ်နဲ့သူတို့နဲ့အမြင်မတူတာ တွေ့ရတယ် အဲဒီရာဇ၀င်ကြွေးတွေရှိတော့ မြန်မာဆိုရင် ဂရုမစိုက်တတ်ဘူး

အခုသမီးလေး မခင်မျိုးကို ဖွားတာကလည်း ဘတ်၃၀ ဘဲပေးရတဲ့ဆေးရုံမျိုးဆိုတော့

လူဘ၀ထဲကို ရောက်လာမဲ့ မခင်မျိုး ကံကြမ္မာဆိုးနဲ့ တွေ့လိုက်ရတယ် လောကဓမ်ကို အမေ့ဝမ်းထဲမှာဘဲ အရွယ်နဲ့မမျှ ခံလိုက်ရတယ်…. နောက်ဆုံးအသက်ပါ စတေးလိုက်ရတယ် ဒါက မြန်မာအလုပ်သမားတွေရဲ့ မမွေးသေးခင် ခံစားရတဲ့ ဘ၀ရဲ့ အဖြစ်ဆိုးတွေပါ

………..

နောက်နေ့မနက် တနင်္ဂနွေနေ့ အာရုဏ်ကျင်းအလင်းရောက်တော့… တက်စီလေးငှား အလှူအိမ်ဖုန်းဆက် တက်စီသမားနဲ့ပြော ထုံးစံအတိုင်း ချောချောမွေ့မွေ့နဲ့ဘဲရောက်သွားပါရော..

အလှူအိမ်ရောက်တော့… ဆွမ်းဝိုင်းမှာပြင်ထားတယ်… နို့ဆန်ပြုတ်လေးတွေ နို့ဗူးလေးတွေ နို့စို့ခွင့်တောင်မရသွားတဲ့ သမီးလေးခင်မျိုးအတွက် ဖြစ်လေရာဘ၀တွေမှာ နို့စို့ခွင့်ရပါစေ.. အသက်ပင် ကောင်းကောင်းရှူခွင့်မရတဲ့သမီးလေး အသက်ရှူခွင့် ရပါစေ အသက်ရှည်ရှည်နေနိုင်ပါစေဆိုပြီး ကပ်တာပါတဲ့ ….

ကန့်လန့်ကာလေးတွေကိုလည်း အနှီးအတွက်ကြိုပြင်ထားတဲ့ ကွယ်လွန်လေသူ သမီးလေး မခင်မျိုးရဲ့ ပိတ်စလေးတွေနဲ့ကာလို့ ရောက်လာတဲ့တရားနာ ပရိသတ်တွေလည်း စကားပင်မဟ စကားသံတိတ် ကြိတ်ပြီးတော့ဝမ်းနည်းနေကြတယ်…

ဘေးက အဖေါ်ဦးဇင်းတွေကြည့်တော့လည်း မျက်နှာတွေမကောင်းကြ….

မိခင်ဖြစ်သူလည်း သားသမီးစိတ်နဲ့ အိပ်ရာထဲဘုန်းဘုန်းလဲနေတာ အခုမှ နာလန်ထတယ် မတ်တတ်ပင်ကောင်းကောင်းမရပ်နိုင်ပါ

မိခင်ဖြစ်သူက သမီးလေး အတွက် နို့ဆွမ်းလာကပ်တာ မျက်လုံးထဲမှာ မျက်ရည်တွေအပြည့် ဆံပင်တွေက ဖယိုဖရဲ သူ့အမျိုးသားလက်ကိုဆွဲကိုင်ပြီး မနိုင့်တနိုင်ခြေလှမ်းတွေနဲ့ လှမ်းလာတယ် ခြေလှမ်းတွေကယိုင်နဲ့ အားအင်တွေက ချို့တဲ့နေပြီ ….

အဲဒါက ဦးဇင်းမြင်ရတဲ့ အပြင်က ပူလောင်မှုလေးပါ…

အထဲမှာဆိုဘယ်လောက်ပူရှာမလဲ….. ငါသမီးလေး ကြီးလာရင် ဘယ်လိုဆင်မယ် ဘယ်လိုပြုစုမယ် ဘယ်လိုယုယမယ် ဆိုပြီး မမြင်သေးတဲ့သမီးလေးမျက်နှာ မြင်ယောင်ပြီး စိတ်ကူးယဉ်ထားတဲ့ အိမ်မက်လေးတွေ…. မျှော်မှန်းထားတဲ့ ရည်မှန်းချက်တွေ ကံကြမ္မာမုန်းတိုင်းရဲ့အောက်မှာ အချိန်မတိုင်မီ တစ်စစီလွင့်ပြယ်ခဲ့ရပြီ..

အမေ့ရင်ခွင်ထဲမှာ တစ်ရက်ပြည့်အောင်ပင် မှေးစက်ခွင့် မလိုက်ရတဲ့သမီးလေး အမေ့နို့တောင်သောက်စို့ခွင့် မရသွားရှာတဲ့သမီးလေး အမေဆိုတဲ့ စကားလုံးလေးတောင် ခေါ်ခွင့်မရလိုက်တဲ့သမီးလေး….

ကမ္ဘာမြေလောကကြီးမှာ ခြေတဖ၀ါးမှ ခြခွင့်မရလိုက်တဲ့သမီးလေး…

ဝလုံးလေးတောင်မှ ရေးခွင့်မရှာတဲ့သမီးလေး….

ကမ္ဘာမြေရဲ့လတ်ဆတ်တဲ့ လေပြေလေးတွေကိုရှူရှိုက်ခွင့်မရလိုက်တဲ့သမီးလေး

မွန်းကြပ်မှုတွေနဲ့ ခါးသီးတဲ့ လောကဓံရိုက်ချက်ကို အရွယ်နဲ့မမျှခံစားပြီး အသက်ပါပေးဆပ် လိုက်ရတဲ့သမီးလေး…

ဘယ်ဆီရောက်နေပြီလဲ သမီးလေးရယ် ……ဆိုတဲ့

ပြောမပြတတ်အောင် စာဖွဲ့လို့မရအောင် ရင်ထဲက မမြင်နိုင်တဲ့ ပူလောင်တဲ့သောကတွေနဲ့

ဆွမ်းကပ်ရှာပါတယ်…. သမီးလေး ကောင်းရာရောက်ပါစေလို့ ဆုတောင်းလေးချပေးတာတောင် မျက်ရည်တွေဝဲလို့ အသံပင်ကောင်းကောင်းထွက်မလာ…….

နေမကောင်းတာ အတော်ကြာပြီး နာလန်ထစမို့ ကောင်းကောင်းပင်မထိုင်နိုင် တရားပင်မနာနိုင်ရှာ သမီးလေးအတွက် ရေစက်ပင် မချနိုင်ရှာပါ…. ဆိုးဝါးတဲ့ကံကြမ္မာရယ်…

ဦးဇင်းလည်းတရားဟောလိုက်ပါတယ်

ပန်းဆိုတာ ကြွေမျိုး လူဆိုတာ သေမျိုးပေါ့

ကြွေတတ်တဲ့ပန်းမို့ ကြွေတာ သေတတ်တဲ့မျိုးမို့ သေတာ မဆန်းပါဘူး…

ဒါပေမဲ့ အကြွေစောခဲ့တယ် အသေစောခဲ့တယ်လေ… ကောင်းကောင်းပင် ကြွေခွင့်မရ ကောင်းကောင်းပင် သေခွင့်မရလိုက်ရှာ…

ဦးဇင်းတို့ တစ်တွေ စာဖတ်သူတွေ အားလုံးမသိခြင်း ၅ မျိုးနဲ့ အသက်ရှင်နေရတယ်လေ….

၁။ ဘယ်အသက်အရွယ်မှာ သေရမယ်ဆိုတာ

၂။ ဘယ်ရောဂါနဲ့ သေရမယ်ဆိုတာ

၃။ ဘယ်အချိန်ကာလမှာ သေရမယ်ဆိုတာ

၎။ ဘယ်သုဿံမှာ မြုတ်ရမယ်ဆိုတာ

၅။ သေပြီးဘယ်ဘ၀ ကိုရောက်မယ်ဆိုတာ မသိဘူး

အချုပ်ကတော့ ကြွေတတ်တဲ့ပန်းလေးတွေ မကြွေခင်မှာ ဝေေ၀ဆာဆာပွင့်နေအောင် လှလှပပနဲ့ မြေခ ကြွေကြနိုင်အောင် သေတတ်တဲ့မျိုးမို့ မသေခင် ဘ၀မှာတန်ဖိုးဖိုးရှိရှိနဲ့နေနိုင်အောင် မသိခြင်းတွေနဲ့ အသက်ရှင်နေရတဲ့ ဘ၀ကြီးမှာ… မသေခင်လေးမှာ ကောင်းတာလေးတွေကိုလုပ် ကောင်းတာလေးတွေပြော ကောင်းတာလေးတွေး ကောင်းတာလေးတွေရေး ကောင်းတာလေးတွေ ချက်(chatting)ပြီး ကိုယ့်ဘ၀တိုးတက်အောင် ကိုယ့်မိသားစု ကိုယ့်ပတ်ဝန်းကျင် ကိုယ့်ဘာသာ ကိုယ့်သာသနာတိုးတက်အောင် တစ်ဆင့်ပြီးတဆင့် ဆောင်ရွက်နိုင်ပါစေ..လို့ ဆုတောင်း ပေးလိုက်ပါတယ်..

ကွယ်လွန်သွားတဲ့ သမီးလေး မခင်မျိုးလည်း ကောင်းရာသုဂတိလားပါစေ…

ရောက်ရာဘ၀က သာဓုခေါ်နိုင်ပါစေ အကျွန်ုပ်တို့ပြုသမျှ ကုသိုလ်အဖို့ ကိုလည်း

မျှပေးဝေလိုက်ပါတယ်……..

မခင်မျိုးရေ အမျှ…… အမျှ…… အမျှ……

1 comment:

  1. ဒီပိုစ့်လေး ဖတ်ရတာ စိတ်မကောင်းလိုက်တာ။ ကောင်းရာသုဂတိရောက်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သပါတယ်။

    ReplyDelete