Tuesday, 1 February 2011

အို... မိခင်

ဗြဟ္မာဘုံ၌နေသော ဗြဟ္မာတို့သည် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသော ဗြဟ္မ၀ိဟာရတရားလေးပါးနှင့် အမြဲနေထိုင်ကြသည်၊ ထို့အတူ မိဘတို့သည်လည်း ယင်းဗြဟ္မစိုရ်တရားလေးပါးနှင့် အမြဲနေထိုင်ကြသည်၊ ထို့အတူ မိဘတို့သည်လည်း ယင်းဗြဟ္မစိုရ်တရား လေးပါးနှင့် နေကြသည်ဟု ဟောတော်မှု၏။ မိဘများနေပုံမှာ-

(၁)မိခင်သည် သားသမီးများ ကိုယ်ဝန်သန္ဓေတည်ရှိသောအခါ ပူစပ်ချဉ်ငန် အစားအသောက် ရှောင်ရခြင်း၊ အကုန်းအကွ အထအထိုင် ဆင်ခြင်ရခြင်း၊ အလေးအပင်မထမ်းမရွက် ဆင်ခြင်ရခြင်း၊ ကိုယ်ဝန်သားငယ် ဒုက္ခဖြစ်စေမည့် အနေအစားအားလုံး ဆင်ခြင်နေရခြင်း စသည်ဖြင့် “ငါ့သားသမီး ကလေး ချမ်းသာပါစေ၊ ခြေလက်အင်္ဂါ ပြည့်ပြည့်စုံစုံနှင့် ချမ်းသာစွာ မွေးဖွားပါစေ” ဟု ချစ်ခြင်း မေတ္တာစိတ်သည် အမြဲဖြစ်ပွားနေ၏။ ဖခင်လုပ်သူကလည်း လိုအပ်သည်များကို အမြဲဖြည့်ဆည်းပေး နေလေ့ရှိသည်။

(၂) မွေးဖွားလာသောအခါတွင်လည်း သားသမီးကလေးမျက်နှာမြင်ရသည်နှင့် ကိုးလလွယ် ဆယ်လဖွားရသော အာဝေဏိက ဒုက္ခကြီးကိုပင် မေ့ပျောက်သားရှာ၏။ မွေးဖွားပြီးနောက် တအူဝဲ၀ဲ ငိုယိုကာ ထားသလိုနေရခြင်း၊ တစ်စုံတစ်ရာ အခံခက်၍ နာကျင်၍ ဆာလောင်၍နေသော်လည်း မပြောမဆိုတတ်၊ ပက်လက်ကလေး ထားသည့်အတိုင်းပင် နေရပြီး တစာစာငိုကြွေးလျှင် မိခင်၏ နှလုံးသားတွင် သနားခြင်း ကရုဏာစိတ်များ ဖြစ်ပွားရပြန်သည်။

(၃) သားသမီးကလေးများ မှောက်နိုင် လှန်နိုင် ထိုင်နိုင် ထနိုင် သွားစပြုနိုင် ပြုံးရယ်စပြုနိုင်၊ စကားတီတီတာတာ ပြောနိုင်ဆိုနိုင် ချိုမိုင်မိုင်လုပ်နိုင်လာသောအခါ မိဘတို့ရင်၌ ဖြစ်ရသော ၀မ်းမြောက်ကြည်နှုးမှု မုဒိတာစိတ်မှာ ပြောဖွယ်ရာ မရှိပြီ။ မိဘကို မဆိုထားဘိ၊ ဘေးကမြင်တွေ့ရသူများပင် ၀မ်းမြောက်၍ နေကြရ၏။ သားသမီးငယ်များက ကစားပြေးလွှား၍ ကျန်းမာပျော်ရွှင်နေသည်ကို မြင်ရတိုင်း မိဘတို့နှလုံးသားတွင် မုဒိတာတရား ဖြစ်ပွားရ၍ အရွယ်အလိုက် စာကြိုးစားခြင်း၊ အလုပ်ကူညီလုပ်ခြင်း စသည်ဖြင့် သားသမီးတို့ လိမ္မာလျှင် လိမ္မာသလောက် မိဘတို့ ၀မ်းမြောက်ရ၏။ ချမ်းသာရ၏။ အသက်ရှည်၏။ ထို့ကြောင့် သားသမီးတို့သည် မိဘတို့ အသက်ရှင်သမျှ ၀မ်းမြောက်ဝမ်းသာ ကျန်းမာချမ်းသာ၍ အသက်ရှည်စေရန် သားသမီးတို့က လိမ္မာအောင်နေထိုင်ပြကြဖို့ အင်မတန်မှ အရေးကြီးလှပေသည်။

(၄) သားသမီးများ အချိန်တန် အရွယ်ရောက်၍ အိမ်ထောင်ပြုကြသောအခါ၊ ကိုယ့်အိုး ကိုယ့်အိမ်နှင့် နေထိုင် ကြသော အခါ “ သြော် - ငါ့သားသမီးများ ကိုယ်စွမ်းကိုယ်စဖြင့် နေထိုင်နိုင်ကြပေပြီ” ဟု လျစ်လျူပြုသောအားဖြင့် သင့်တင့်မျှတသော ဥပေက္ခာစိတ်ထားကို ထားကြလေသည်။ သားသမီးများနှင် စပ်၍ တွယ်တာမှု (လောဘ)၊ ပူပန်စိုးရိမ်နေရမှု၊ ကြောင့်ကြမှု (ဒေါသ) ဟူသော အစွန်းနှစ်ဘက်မှ လွတ်ကာ ဥပေက္ခာစိတ်ထားဖြင့် ငြိမ်းအေးစွာ စိတ်ချလက်ချ နေထိုင် သွားနိုင်ကြခြင်း ဖြစ်သည်။

တိရစ္ဆာန်ဖြစ်တဲ့ နွားမကြီးတောင်မှ သူ့သားသမီးအတွက် အသက်ပေးသွားရဲသေးတယ် ဆိုလျှင် ငါတို့အမေတွေဟာ ငါတို့ကို ဘယ်အထိချစ်နိုင်လိမ့်မလဲဆိုတာ နှလုံးသားမှာ ခံစားပြီးတော့ သိလာလိမ့်မယ်။

အဲဒီတော့ သားသမီးတွေအပေါ်မှာ ဒီလောက်ထိ မေတ္တာထားနိုင်ကြတဲ့ ချစ်နိုင်ကြတဲ့ မိဘတွေအတွက် သားသမီးတွေကလည်း တာဝန်ကျေဖို့ ကျေးဇူးပြန်ဆပ်နိုင်ဖို့ လိုပါလိမ့်မယ်။

မိဘတိုင်းဟာ သားသမီးတွေဆီက မျှော်လင့်တဲ့ မျှော်လင့်ချက် (၅)ချက် ရှိတယ်လို့တို့ မြတ်စွာဘုရားက ဟောကြားတော်မှုခဲ့ပါတယ်။ အဲဒီငါးချက်ကတော့ -


မိဘများ လိုက်နာရမည့် ကျင့်ဝတ်ငါးပါးကို ဟောကြားတော်မှုရာ၌ “မကောင်းမြစ်တာ ကောင်းရာညွှန်လတ် အတတ်သင်စေ ပေးဝေနှီးရင်း ထိမ်းမြှားခြင်းလျှင် ၀တ်ငါးအင် ဖခင်မယ်တို့တာ” ဟူ၍ ထိမ်းမြားမင်္ဂလာ ပြုလုပ်ပေးရမည်ဟု ညွှန်ပြတော်မှုခဲ့သည်။

ထိမ်းမြှားပေးလျှင် မိဘတာဝန် ကျေပွန်ပြီဆိုပြီး တော်စွလျော်စွ မယူဆစေလိုသောကြောင့် ဗုဒ္ဓဘာသာက အိမ်ထောင်ရေးတာဝန်ကို အလေးအနက် ထားကာ ပတရူပေန သံယောဇေန္တိ-မိမိတို့၏ မျိုးရိုးစဉ်လာ ကိုးကွယ်သည့်ဘာသာ၊ ရုပ်ဆင်းအင်္ဂါ၊ ကိုယ်ကျင့်သီလ စသည်တို့ဖြင့် သင့်လျော် လျောက်ပတ်သည့် အမျိုးသား အမျိုးသမီးများနှင့် ထိမ်းမြားပေးရမည်ဟု ထပ်ဆင့် ညွှန်ပြတော်မှုသည်။

လောက၌ ရွှေငွေ စသည်ကြွေးဆပ်လျှင် ကြွေးတင်သည် အရေအတွက် အားလျောစွာ ပေးဆပ်လို့ရ၏။ ကြွေးကျေ၏။ မိဘတို့မေတ္တာကား အနန္တဖြစ်၍ မကျေနိုင်။ မကျေနိုင်၍ မဆပ်လျှင် ကြွေးထပ်တင်ရန်သာ ရှိတော့သည်။

မြတ်စွာဘုရားဟောတော်မှုသည်မှာ သားသမီးတို့သည် ကျေးဇူးရှင် မိဘနှစ်ပါးအား ပခုံးတစ်ဘက်စီ၌ တင်ထား၍ အမြဲတမ်း မိဘနှစ်ပါးအား အစာကျွေးမွေးပေးခြင်း၊ ရေချိုးပေးခြင်း၊ နင်းနှိပ်ပေးခြင်း၊ သိပ်ပေးခြင်း၊ မိမိတို့ ပခုံးပေါ်၌ပင် ကျင်ကြီးကျင်ငယ်စွန့်သော်လည်း မငြူမစူ ပြုစုသုတ်သင်ပေးခြင်း စသည်ဖြင့် အနှစ်တစ်ရာတိုင်တိုင် ပခုံးထမ်း၍ ပြုစုလုပ်ကျွေးသော်လည်း ကျေးဇူးကျွေး မကျေနိုင်ဟုပင် ဟောတော်မှုလေသည်။

“ကျေးဇူကြွေး မကျေနိုင်” ဟုဆိုသည်မှာ ကျေးဖူးကြီးမားပုံကို ပြဆိုလိုခြင်းသာ ဖြစ်ပေသည်။ မိဘနှစ်ပါးအသက်ထင်ရှားရှိစဉ် ပြဆိုခဲ့သည့်အတိုင်း ရာသီအလိုက် ကျွေးမွေးပြုစုပေးခြင်း၊ အထူးသဖြင့် အမွေခံထိုက်အောင် နေခြင်း၊ မိဘနှစ်ပါး စိတ်ချမ်းသာအောင် သားသမီးတို့ လိုက်နာရမည့် ၀တ္တရားငါးပါးနှင့်အညီ လိမ်လိမ်မာမာ နေပြခြင်း၊ ကွယ်လွန်သွားကြသော အခါတွင်လည်း မိဘနှစ်ပါးကို ရည်စူး၍ အလှူဒါန ပြုလုပ်ပြီး အမျှတမ်းပေးဝေခြင်း ပြုပေးလျှင်ပင် ၀တ္တရားကျေသည်ဟု ဆိုသင့်၏။

ကျေးဇူးရှင် မိဘနှစ်ပါးတို့၏ ကျေးဇူးကြွေးကို ပေးဆပ်ရာ၌ အကောင်းဆုံးနည်းကို မြတ်စွာဘုရားဟော ကြားထားသည်မှာ တရားဖြင့် ကျေးဇူးဆပ်ခြင်းပင် ဖြစ်၏။ တရားဖြင့် ကျေးဇူးဆပ်ခြင်းဆိုသည်မှာ-

(၁) ရတနာသုံးပါး မယုံကြည်သေးသော မိဘတို့အား ယုံကြည်လာအောင်၊ သရဏံဂုံမတည်သေးသော မိဘတို့အား သရဏဂုံတည်အောင် ဆောင်ရွက်ပေးခြင်း၊

(၂) အလှူဒါနအားနည်းသော မိဘတို့အား အလှူဒါန ပြုလုပ်ဖြစ်အောင် ဆောင်ရွက်ပေးခြင်း၊

(၃) စစ်မှန်သော ကိုယ်ကျင့်သီလ မရှိသေးသော မိဘတို့အား ကိုယ်ကျင့်သီလစောင့်ထိန်းလာအောင် ဆောင်ရွက်ပေးခြင်း၊

(၄) အသိပညာမရှိသေးသော မိဘတို့အား အသိပညာရှိအောင် ရတနာသုံးပါးနှင့် စပ်သော အသိပညာ၊ ၀ိပဿနာပညာ၊ သစ္စာမြင်သော ပညာများသည် အမြတ်ဆုံးဖြစ်၍ ထိုပညာများဖြစ်ပွားအောင် စာဖက်ပြခြင်း၊ တရားနာဖြစ်အောင်၊ တရားထိုင်ဖြစ်အောင် ဆောင်ရွက်ပေးခြင်းများသည် အကောင်းဆုံး သော ကျေးဇူးဆပ်ခြင်း ဖြစ်ပေသည်။

သားသမီးများ ကိုယ်တိုင်က သီလရှင်၊ ရှင်သာမဏေ၊ ရဟန်းပြု၍ တရားအားထုတ်ခြင်း၊ မိဘများအပေါ် မေတ္တာပွားများခြင်းများလည်း မိဘနှစ်ပါးအား သာသနာအမွေခံစေ၍ တရားဖြင့် အကောင်းဆုံး ကျေးဖူးဆပ်ခြင်း ဖြစ်ပေသည်။

အရှင်သာရိပုတ္တရာသည် မိစ္ဆာအယူရှိသော မိခင်အား၊ သမ္မာအယူရှိအောင် ဆောင်ရွက်ပေးခြင်း၊ မြတ်စွာဘုရားသည်ပင် မယ်တော် တော်စပ်ဖူးသော သန္တုသိတနတ်သားအား အဘိဓမ္မာတားဟောကြား ခြင်းဖြင့် အကောင်းဆုံး မွေးကျေးဇူးပေးဆပ် တော်မှုသွားကြလေသည်။

ဤမျှ ကျေးဇူးကြီးမားလှသောကြောင့် မိဘလုပ်ကျွေး ကျေးဇူးဆပ်၍ ချမ်းသာကြီးပွားသော ဖြစ်ရပ်များကို များစွာ ဟောတော်မှုထားသည်။ မိဘတို့အား စိတ်ဆင်းရဲအောင်လုပ်၍၊ တမင်ပြစ်မှား၍ ယခုဘ၀မှာပင် ဆင်းရဲရသူများ၊ မြေမျိုခံရသူများ၊ နောက်ဘ၀တွင် ငရဲကျသူများလည်း များလှလေပြီ။ အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်ကြီးသော်မှပင် နုစဉ်ဘ၀က မိုက်မဲသော မယားစကားနားထောင်မိ၍ မိဘနှစ်ပါးကို ရိုက်နှက်မိသောကံကြောင့် ခိုးသားရိုက်နှက်ခံရ၍ ပရိနိဗ္ဗာန် ပြုတော်မှုရရှာပေသည်။

မိဘတို့သည် မိမိတို့ ရင်သွေးများ စကားမပြောတတ်မီကပင် သင်ပြပေးခဲ့ကြရ၏။ သွားပုံ၊ လာပုံ၊ လမ်းလျှောက်ပုံ၊ ဦးတော်လုပ်ပုံ၊ အမေအဖေခေါ်ပုံမှအစ အရွယ်အလိုက် ပြောဆိုပြုမှုပုံများကို ဘာမျှ လိုလေသေးမရှိ၊ အကွက်စေ့အောင် သင်ပြပေးခဲ့ကြရသဖြင့် မိဘနှစ်ပါးကို “လက်ဦးဆရာ”ဟုပင် မြတ်စွာဘုရား ဟောတော်မှုထားသည်။

သားသမီးများ အိမ်ထောင်ကျသွားကြသော်လည်း အိမ်ခွဲရန်မလိုလား၊ မိဘရိုးရာ အလုပ်အကိုင်များကို လုပ်တတ်အောင်၊ အရင်းအနှီးစုဆောင်းမိအောင် မိမိတို့နှင့်အတူ ထားကာ သေသည့်နေ့အထိ သင်ပြပေးသွားကြလေသည်။

ကြက်သားပေါက်ကလေများကို မိခင်ကြက်မကြီးသည် မိမိတောင်ပံနှစ်ဘက်ဖြင့် ထွေးပိုက်ကာ အမြဲတမ်း မိခင်မေတ္တာများ မွမ်းထုံပေးသကဲ့သို့ ရှိပေသည်။ ကြက်မကြီးသည် မိမိကြက်သားငယ်များအာ ပျံတတ်၊ ပြေးတတ်၊ ရန်သူကို၊ ရှောင်တတ်၊ ယက်၍ အစာရှာတတ်အောင်လည်း သင်ပြပေး၏။ မိဘတို့မေတ္တာကား ကြီးမားလှပေ၏။

ဤ မျှတ၍ မြင့်မြတ်သော ဥပေက္ခာအရသာကို ခံစားလိုသဖြင့် မျက်စိမမှိတ်ခင် သားသမီးများကို အိမ်ထောင်လျာထား ချထားပေး သွားကြသည်လည်း ရှိပေသည်။ သားသမီးများအပေါ် သူစိမ်းတရံဆံတို့ ချစ်သည်၊ အကျိုးလိုလားပါ သည်ဆိုခြင်းမှာ မိဘများ မုန်းသလောက်သာ ရှိပေသေး၏။ သားသမီးတို့ အပေါ်၌ ထားရှိသော မိဘတို့ မေတ္တာကား သေခါမှသာ ရပ်စဲတော့၏။

ထို့ကြောင့် သတ္တာလောက၌ “မိခင်စိတ်” လောက် မြင့်မြတ်သော စိတ်မရှိပေ။ မြတ်စွာဘုရားကလည်း သတ္တ၀ါတိုင်း အပေါ် မေတ္တာထားရန် ညွှတ်ပြတော်မှုရာ၌ ထိုမိခင်စိတ်ကို ဥပမာပေးတော်မှုခဲ့သည်။သားသည် နွားမကြီးအား လှံဖြင့် ထိုးသတ်၍ မသေခြင်းမှာ နို့စို့နေသော နွားသားငယ် အပေါ်ထားသော ထိုသည့် မိခင်မတ္တောကြောင့်ပင် ဖြစ်ပေသည်။

မဟာပထ၀ီမြေကြီးသည် လည်းကောင်း၊ မဟာသမုဒ္ဒရာ၊ မြင်းမိုရ်တောင်နှင့် အဇဋာ ကောင်းကင်ကြီးသည် လည်းကောင်း မိဘမေတ္တာနှင့် နှိုင်းစာလျှင် သေးငယ်ကျဉ်း ကျုံး၍ သွားကုန်၏၊ မိဘမေတ္တာသည် အနန္တဖြစ်သောကြောင့်ပေတည်း။

- လောကတွင် မိဘကျေးဇူး အထူးသိတတ် ကျေးဇူးဆပ်ကြသူ ရှိကြကုန်၏။

- တချို့က ကျေးဇူးရှိကြောင်း သိရုံသ သိသည်။ တုံ့ပြန်မှုမပါ။

- တချို့က မိဘကျေးဇူးသိတတ်၍ ဆပ်ချင်သော်လည်း ကိုယ့်ဘ၀ကိုယ် ခိုင်မတ်အောင် မရပ်တည်နိုင်သဖြင့် မိဘကျေးဇူးဆပ်နိုင်ဖို့ ဝေးစွ၊ မိဘကို ပြန်မှီခိုစားနေရသည်။

- တချို့က မိဘကျေးဇူးသိသော်လည်း စိတ်နာစရာ အကြောင်းတွေကိုအမြဲတမ်း ခေါင်းထဲထည့်တွေးနေသဖြင့် မိဘကိုအပြစ်တင် အပြစ်မြင်ပြီး သံယောဇဉ် ကင်းကင်းနေကြသော သားသမီးများလည်း ရှိသည်။

- တချို့က မိဘရှိစဉ်က ကောင်းမွန်စွာ အနာခံစောင့်ရှောက်သော်လည်း မိဘ၏စည်းစိမ်ဥစ္စာ ယုတ်လျော့ ပျက်စီးသောအခါ ကိုယ့်အိမ်မှာ မထားချင်တော့ဘဲ ညီအစ်ကိုမောင်နှမများထံ ပုတ်ထုတ်ကြတာမျိုးလည်း ရှိ၏။

- တချို့သားသမီးက မိဘကို ၀တ္တရားအရ စောင့်ရှောက်သော်လည်း အော်ဟစ်မာန်မဲ ဆူပူပြစ်တင် နေတတ်ကြသဖြင့် မိဘက သားသမိးကို ကြောက်ကြောက် လန့်လန့် မှီခိုနေရတာမျိုး လည်းရှိသည်။

- တချို့က သူတို့၏ဆင်းရဲကြပ်တည်းမှုမှ သက်သာရာ ရစေရန်အတွက် မိဘနေသည့် အိမ်နှင့်ခြံကို မိဘသက်ရှိထင်ရှား ရှိတုန်းမှာပင် အတင်းအကြပ်ရောင်းချ အမွေခွဲဝေပြီး ကိုယ်လွတ်ရုန်းသွားကြ သည်။

- မိဘက ဘယ်သူနှင့် နေရမှန်းမသိ။ မလွဲသာ၍ ခေါ်ရသူမှာလည်း မိဘပိုက်ဆံလက်ထဲပါနေသော ကြောင့် ကြည်ဖြူဟန်ပြ၏။ သူတို့ ယူသုံး၍ ကုန်သောအခါ မိဘကို ဆူပူငြူစူတော့သည်။

- တချို့က ဇနီးခင်ပွန်းစကားနားယောင်ပြီး ပစ္စည်းဥစ္စာနှင့် ပတ်သက်၍ မိဘကို တရားစွဲတာမျိုးလည်း ရှိသေးသည်။

- ဤလိုမျိုး သားသမီးတွေရှိသော်လည်း မိဘကို ထိပ်မှာတင် ရင်မှာ သိမ်းထားပြီး သေသည့်တိုင် ပြုစု ကျွေးမွေး စောင့်ရှောက် သွားကြသည့် သားသမီးမျိုးတွေလည်း အများကြီး

- မိဘအတွက် ဘ၀ကိုစတေးပြီး ကျွေးမွေးပြုစုကြသော သးသမီးများလည်းရှိ၏။

- မိဘသာလျင် ငါ့ဘ၀မှာ ပထမ၊ ဒုတိယ၊ တတိယဟူ၍ ထိပ်တန်းဦးစားပေးအဆင့်ဖြင့် အနီးကပ်ပြုစုစောင့်ရှောက်ကြသော သားသမီးများလည်း ရှိသေးသည်။

- မိဘရှိစဉ်က မိရိပ်ဖရိပ်၏ တန်ဖိုးကို အစဉ်လေးစားတန်ဖိုးထားပြီး မိဘမရှိသော အခါမှာလည်း ထိုအရိပ်၏တန်ဖိုးကို အစဉ်အမြဲ ပြောဆိုတသသသ ရှိနေကြသူများလည်းရှိ၏။


- တချို့က မိဘကွယ်လွန်သွားသဖြင့် ကောင်းစွာကျေးဇူးမဆပ် လိုက်နိုင်သောကြောင့် မိဘကျေးဇူးကို နည်းအမျိုးမျိုးဖြင့် ကျေးဇူးဆပ်နေကြသူများလည်း ရှိသည်။

- မိဘ သေဆုံးကွယ်လွန်သွားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော်လည်း မနေံတစ်နေ့ကလို အောက်မေ့ပြီး မိဘအတွက်ရည်စူးပြီး အလှူဒါနပြုကြ သူမျိုးလည်း ရှိသေးသည်။

- မိဘကို သက်ရှိထင်ရှားရှိစဉ်မှာ ကောင်းစွာ ချစ်ခင်မြတ်နှိုး တန်ဖိုးထားပြီး၊ မရှိတော့သည့်အခါ မိဘဂုဏ်ကျေးဇူးကို အစဉ်အောက်မေ့ သတိရနေတတ်သော သားသမီးမျိုး ရှား၏။


- မိဘကျေးဖူးသိတတ်သော ထိုသားသမီးမျိုးသည် လောကတွင် တင့်တယ်၏။ ထင်ရှား၏။ ပြည့်စုံ၏။ အတိတ်ကံ ၀ဋ်ကြွေးကြောင့် ဆင်းရဲတွင်းနက်စေကာမှု ကယ်သူရှိတတ်၏။ ချီးမွမ်းပေးကမ်းသူ ရှိတတ်၏။ အကြောင်းကြောင်း ကြောင့် အဆင်ပြေတတ်၏။


- ထို့ကြောင့် မိဘကျေးဇူးကို သိတတ်၊ တန်ဖိုးထားတတ်ကြရာ၏။

- အမိနှင့် အဖတို့ကို စိတ်ဆင်းရဲအောင်မလုပ်ပါနှင့်။

- အမိအဖတို့ကို စိတ်ချမ်းသာအောင် ထားပေးကြစမ်းပါ။

- အမိအဖတို့ကို စိတ်ချမ်းသာအောင် ထားပေးနိုင်တဲ့ သားသမီးများ ဖြစ်ကြပါစေ။

- သားသည် အမိအဖတို့အတွက် အားဖြစ်ရမျာပါ။ ကျား မဖြစ်ကြပါစေနဲ့။

- သမီးသည် အမိအဖတိုပအတွက် ထီးဖြစ်ရမှာပါ။ မီး မဖြစ်ကြပါစေနဲ့။

- အမိအဖတို့အတွက် အားဖြစ်စေရအောင် ကြိုးစားနေတဲ့သားမျိုး၊ အမိအဖတို့အတွက် ထီးဖြစ်အောင် ကြိုးစားနေတဲ့ သမိးမျိုးက မိဘကျေးဇူးကို သိတတ်နေကြသူတွေပါပဲ။

- ယနေ့သည် မိဘကျေးဇူးကို ဆပ်ခွင့်ကြုံတဲ့ အခါသမယပါ။

- အခါသင့်အခွင့်ကြုံနေတဲ့ ယနေ့ကာလကို မနက်ဖြန်သို့ မရွှေ့ဆိုင်း လိုက်ပါနဲ့။

- မနက်ဖြန်ဆိုတာက အစိုးမရနိုင်ပါဘူး။

- စိုးပိုင်ခွင့်ရနေတဲ့ ယနေ့ကာလမှာပဲ မိဘကျေးဇူးကို ဆပ်လိုက်ကြစမ်းပါ။

- မိဘကျေးဇူးကို လောကနည်း၊ ဓမ္မနည်းနဲ့ ပေးဆပ်နိုင်ပါတယ်။

- အမိအဖတို့ရဲ့ လိုအင်ဟူသမျှကို ဖြည့်ဆည်းပေးနိုင်ရမယ်။ ပေးနေရမယ်။

- လိုအင်ပြည့်တော့ အမိအဖတို့ စိတ်ချမ်းသာတာပေါ့။

- အမိအဖတို့ကို စိတ်ချမ်းသာအောင်ထားနိုင်တဲ့ ကျေးဇူးဆပ်နည်းကို လောကနည်းလို့ ခေါ်ပါတယ်။

- သဒ္ဓါစိတ်နည်းပါးတဲ့ အမိအဖကို သဒ္ဓါတရားထက်သန်လာအောင် ကိုယ်ကျင့်တရား ယိုင်နဲ့နေတဲ့ အမိအဖကို ကိုယ်ကျင့်တရားဖြောင့်မတ်လာအောင်၊ စာရိတ္တညစ်ညူးနေတဲ့ အမိအဖကို စာရိတ္တဖြူစင်လာအောင် မင်္ဂဖိုလ်ရကြောင်း တရားကောင်းနဲ့ မတွေ့ရဘူးသေးတဲ့ အမိအဖကို မင်္ဂလမ်း ဖိုလ်လမ်း လမ်းမှန်ပေါ်သို့ရောက်ရှိသွားရအောင် ဖြည့်ဆည်းပေးနေတာက ဓမ္မနည်းနဲ့ ကျေးဇူးဆပ်တယ်လို့ ခေါ်ပါတယ်။

- လောကနည်းနဲ့ဖြစ်စေ၊ ဓမ္မနည်းနဲ့ဖြစ်စေ ကျေးဇူးဆပ်နေဖို့က အဓိကပါပဲရှင်။

လူတို့တွင် အခက်(၃)မျိုးရှိ၏။ သူ့ကျေးဇူးကို သိဖို့ခက်သည်။ သိပါသော်လည်း ထုတ်ဖော်ပြောဖို့ ခက်သည်။ ထုတ်ဖော်ပြောသော်လည်း ဆပ်ဖို့ခက်သည်။ သူ့ကျေးဇူးကို သိရမည်။ ထုတ်ဖော်၍လည်း ပြောရမည်။ ဆပ်လည်း ဆပ်ရမည်။

ကျေးဇူးတကာတို့တွင် မိဘကျေးဇူးသည် အကြီးမားဆုံးဖြစ်၏။ မြင်းမိုရ်တောင်ဦး မကကျူးသည်။ အမေက သန္ဓေသားကို ၀မ်းတွင် လွယ်ထား၍ တရွေ့ရွေ့ ကြီးထွားစေ၏။ နေ့ လ စေ့သော် ပင်ပန်းဆင်းရဲစွာ ဝေဒနာခံစား၍ မွေးဖွားစေ၏။ အမေ၏ မွေးကျွေးကျေးဇူးရှိသည်။ အဖေက သန္ဓေသား လွယ်ထားသည့် မိခင်နှင့် တကွ မိသားဟုကို စားဝတ်နေရေး ပြည့်စုံစေရန် ကျွေးမွေးရသည်။ အစစအရာရာ ကာကွယ်စောင့်ရှောက် ရသည်။ အဖေ၏ ကျွေးကျေးဇူးရှိသည်။

မွေးပြီးသည်နှင့် အမေက ရောဂါအန္တရာယ်တို့ကို ကာကွယ်နိုင်သော နို့ဦးရည်ကို တိုက်ကျွေး၏။ သားသမီးများ အမေ့နို့အာဟာရဖြင့် ကြီးထွားရ၏။ အဖေက သားသမီးတို့ကို လူလားမြောက်အောင် လုပ်ကိုင် ကျွေးရသည်။ ပညာသင်ပေးရသည်။ အမေ့နို့ဖိုးရှိသလို အဖေ့ချွေးဖိုးရှိသည်။

မိနှင့်ဖသည် သားသမီးတို့ကို အလွန်ကြီးမားသော မေတ္တာ၊ စေတနာ၊ ကရုဏာထားကြသည်။ ထို့ကြောင့် အနစ်နာခံနိုင်သည်။ အပင်ပန်းခံနိုင်သည်။ ကိုယ်ကျိုးကိုယ့်အသက်ကိုပင် စွန့်လွှတ်နိုင်ကြသည်။

သားသမီးတိုင်း မိဘတို့၏ ကျေးဇူးတရားများဖြင့် လူလား မြောက်ကြရ၏။ လူတစ်လုံး သူတစ်လုံးဖြစ်ကြရ၏။ မိဘတို့၏ ဆင်းရဲ၊ ချမ်းသာကွာခြားမှုကြောင့် သားသမီးအပေါ် ချီးမြှင့်ထောက်ပံ့မှု ကွာခြားနိုင်သော်လည်း ကြီးမားသော မေတ္တာတရားမှာ ခြားနားမည်မဟုတ်ပါ။ လူ့မျိုးနွယ်ဆက်တို့ အစဉ်သဖြင့် တစည်ပင်ပြန့်ပွား တိုးတက်ထွန်းကား နေသည်မှာ မိဘတို့၏ ကြီးမားသော မေတ္တာတရားဖြစ်သည်။


မိဘမေတ္တာနှင့် မိဘတို့၏ ကျေးဇူးတရားမှာ ကြီးမားလှပေစွ။ သားသမီးတို့ လောကအလုပ်မှာ တိုးတက်ကြီးပွား၍ တင့်တင့်တယ်တယ် အောင်မြင်ကြသောအခါ ကျေးဇူးကြီးလှ မိနှင့်ဖ တို့ကို မေ့မေ့လျော့လျော့ ပစ်ပစ်ပယ်ပယ်မပြုသင့်၊ ကျေးဇူးကို မမေ့သင့်ကြပါ။

မိဘကျေးဇူးနှင့် လူတစ်လုံး သူတစ်လုံးဖြစ်ခါမှမိဘကို ကာယကံ၊ ၀စီကံ၊ မနောကံတို့ဖြင့် ပြစ်မှားလျှင် ကျေးဇူးကန်းသူဖြစ်၏။ အပြစ်ကြီးပေစွ။ မြင်ရကြားရသည်ပင် အကျဉ်းတန် အရုပ်ဆိုးလေစွ။ မေတ္တာကြီးမားသော မိဘတို့က ခွင့်လွှတ်ကြသော်လည်း မှားသည့် အပြစ်က ကြေပျက်မည်မဟုတ်။

ကျေးဇူးရှင် မိဘတို့ကို ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးလုံးဖြင့် မပြစ်မှားမိအောင်၊ ကျေးဇူမးကန်းမိအောင် သတိထားသင့်ကြသည်။ မိဘတို့၏ ကျေးဇူးကို မမေ့မလျော့ ရှိရမည်။ ကျေးဇူးကြွေးကို တုံ့ပြန်ဆပ်ကြ ရမည်။

လောကအလယ်မှာ မိမိတို့ကလည်း အိမ်ထောင်ကျ မိသားစုဘ၀ သားသမီးရ၍ မိဘမေတ္တာဖြင့် သားသမီးများကို စုန်နေကြရသောအခါ ကျေးဇူးကြီးမားသော ကိုယ့်မိဘထံဆန်ရန် မေ့လျော့နေတတ်သည်။ ဤနည်းအားဖြင့် သက်ကြီးရွယ်အို မိဘများစွာတို့သည် သားသမီးတို့၏ မေ့လျော့ပစ်ပယ်ခံဘ၀မျာ ဆင်းရဲဒုက္ခရောက် နေကြသည်တို့ များစွာရှိကြသည်။

စုန်လည်း စုန်ရပါမည်။ ဆန်လည်း ဆန်ရပါမည်။ သားသမီးတို့ကို မေတ္တာဖြင့် ကျွေးမွေးစောင့်ရှောက်ရင်း မိဘတို့၏ ကျေးဇူးကိုလည်း ဆပ်နေကြရပါမည်။ ဘယ်သားသမီး ဘယ်ညီအစ်ကို မောင်နှမနှင့်မှ တွက်ကပ်နေရန် အကြောင်းမရှိပါ။ ကိုယ်ဆပ်ရမည်မှာ ကိုယ့်တာဝန်ဖြစ်ပါသည်။ ကိုယ်ကျေးဇူးသိလျှင် ကိုယ်ကောင်းကျိုး ရမည်။

မိဘကျေးဇူးကိုဆပ်ရာတွင် အ၀တ်ပေးခြင်း၊ အစာကျွေးခြင်း၊ နေစရာပေးခြင်း၊ မကျန်းမာလျှင် ကုသပေးခြင်း လိုအပ်သမျှ ထောက်ပံ့စောင့်ရှောက်ခြင်းမှာ လောကီနည်းဖြင့် ကျေးဇူးဆပ်ခြင်းဖြစ်၏။

မိဘကို သံသရာအတွက် ကောင်းမှုပါစေရန် သဒ္ဓါတရားနည်းလျှင် သဒ္ဓါအားကောင်းရန် တိုက်တွန်းပြောဆိုခြင်း၊ တရားဘာဝနာ ပွားများအားထုတ်ရန် ဆန္ဒဖြစ်စေခြင်း၊ သဒ္ဓါရှိလျှင် လှူနိုင်အောင် ကူညီထောက်ပံ့ခြင်း၊ သီတင်းသီလ ဆောက်တည်နိုင်ရန် တရား ဘာဝနာပွားများ အားထုတ်နိုင်ရန် စီစဉ်ပံ့ပိုး ပေးခြင်းသည် လောကုတ္တရာနည်းဖြင့် ကျေးဇူးဆပ်ခြင်း ဖြစ်၏။

သားသမီးတိုင်း ကျေးဇူးကြီးလှ မိနှင့်ဖကို လောကီနည်း၊ လောကုတ္တရာနည်းတို့ဖြင့် ကျေးဇူးဆပ်နိုင်ကြပါစေ။ မိဘကျေးဇူးကို သိလည်းသိ၊ ထုတ်ဖော်လည်းပြော၊ ဆပ်လည်းဆပ်ခြင်းဖြင့် ကောင်းကျိုးမင်္ဂလာနှင့် တင့်တယ်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါရစေရှင်။

မြန်မာသူငယ်ချင်းများနေ့ တောသူမလေး http://friendsdaygroup.ning.com/profile/tawthumalay မှ ကူးယူပြီး ဓမ္မဒါန ပြုပါသည်။

Thursday, 18 March 2010

ပါရမီဖြည့်ဖက်လေးလို အတွေးပိုလိုက်ပါ


လောကမှာ ကိုယ့်ကို ချစ်တဲ့သူတွေရော မချစ်တဲ့သူတွေရော ကိုယ့်ပတ်ဝန်းကျင်မှာ အများကြီးရှိတယ် ကိုယ်ချစ်တဲ့သူတွေ ခင်တဲ့သူတွေ ကတော့ ကိုယ့်တိုးတက်ရာ တိုးတက်ကြောင်းကို ပြောဆို ဆုံးမ ပေမဲ့ မချစ်တဲ့သူတွေ မနာလိုသူတွေကတော့ မကောင်းပြောမယ် ကျဆုံးအောင်လုပ်မယ် ကြံစည်ကြမယ်လေ.......
မချစ်တတ်သူတို့ရဲ့ သဘာဝအတိုင်း ပြောကမယ်လေ..ပြောလာပြီဆိုရင်တော့.
အော်
သူတို့ဟာ ငါ့ရဲ့မုန်းသူတွေလည်းမဟုတ်ပါဘူး ရန်သူတွေလည်းမဟုတ်ပါဘူးလေ
ငါ့ရဲ့ ခန္တီ ပါရမီ ဖြည့်ဖက်တွေပါလားလို့ တွေးလိုက်မိမယ်ဆိုရင် အပိုမတွေးဘဲနဲ့ သူအတွက် အတွေးပိုလိုက်မယ်ဆိုရင်.............
ယောနိသောမနသိကာရ (fair think) မျှတတဲ့တွေးလေးဖြစ်ပြီပေါ့
ဒါပေမဲ့ မှန်တာကို လုပ်နေပါလျှက် အပြောခံလာရပြီဆိုရင်
လုပ်တဲ့သူက အများအတွက်လုပ်နေတယ်ဆိုရင်
လုပ်တဲ့သူက ဆက်မလုပ်တော့ဘူးဆိုရင်
လုပ်နေသူအတွက် ရပ်တန်းက ရပ်လိုက်ပေမဲ့ ကုသိုလ်မရရုံကလွဲရင် ဘာမှအထိခိုက်ပေမဲ့
ပြောသူအတွက် အတော်လေးထိခိုက်တတ်ပါတယ်
ဒါကတော့ မကောင်းပြောသူအတွက်
ဒုက္ခရောက်မှာစိုးလို့ပါ.........
သားသမီးအတွက် မိဘမျက်ရည်ကျရင်
သားသမီးဒုက္ခရောက်မှာစိုးလို့ မိဘတေတွေက
ကျလုဆဲဆဲ မျက်ရည်ကို ထိမ်းထားကြတယ်လေ...
အများအကြိုးဆောင်သူတွေလည်း...
မကောင်းပြောလာသူတွေကို
သားသမီးလိုသဘောထားပြီး.....
အော်....သူပြောလိုက်လို့ ငါအများအကျိုးကို ဆက်မလုပ်တော့ဘူးဆိုရင်
သူဘဲဒုက္ခေ၇ာက်သွားတော့မှာပါလား......လို့ မိဘနေရာကနေ
ယောနိသောမနသိကာရထားပြီး သူအတွက် အတွေးပိုပေးလိုပါ.....
ယောနိသောမနသိကာရလေးကို အပိုတွေးပြီး.....
အများအကျိုးအတွက်
တာဝန်တွေဆက်ထမ်းကြိုးပမ်းနိုင်စေရန်........
နှလုံးသားအဟာရလေး တိုက်ကြွေးလိုက်ပါတယ်...
ဘယ်လောက်ပဲတွေးနေ ရေးနေပေမဲ့
ရှေးပညာရှိဆရာတော်တွေ ရေးတဲ့ စာတွေလောက်တော့ မထိရောက်ပါဘူး.....
ဆရာတော် တော်များ၏ သြ၀ါဒ
“အများအကျိုး ရွက်သည်ပိုးက
ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း
မရွဲ့မစောင်း ကိုယ့်လမ်းကြောင်းကို
စိတ်ကောင်းနဲ့ယှဉ် ရှေးရှုနှင့်လော့” ...တဲ့
အများအကျိုးဆောင်သူများ
ဒီစာလေးဖတ်ပြီး ကျမ်းမာ ချမ်းသာ စွာဖြင့်
တာဝန်တွေဆက်ထမ်း နိုင်ပါစေလို့.......ဆုတောင်းလိုက်ပါတယ်.....


Friday, 15 January 2010


ကျွန်မတို့ရုံးနှစ်ပတ်လည်အစည်းဝေးအတွက် နိုင်ငံအသီးသီးကတက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေ ထဲမှာ တစ်ယောက်ကျွန်မတွေ့တော့ တော်တော်အံ့အားသင့်သွားတယ်။ ဒီနှစ်စမှာဘဲ ဆေးစစ်တဲ့အခါ ကင်ဆာလို့ အဖြေထွက်ပီးကျွန်မတို့တစ်တွေ စိတ်မကောင်းဖြစ်နေခဲ့တာပါ။ အခုပြန်တွေ့တော့ လန်းဆန်းကျမ်းမာ တက်ကြွနေတော့ စကားစမြည်ပြောရင်းနဲ့ ဆေးနည်းလေးတစ်ခုရလာတာကို ဝေမျှခြင်လို့ပါ။ အခုတစ်လော ကင်ဆာ ဆိုတာနဲ့ လူတွေကလန့်နေကြပါပီ။ ခီမိုသွင်းရတာနဲ့ မိသားစုဝင်တွေစိတ်ပင်ပန်းကြတာနဲ့ ရုတ်တရက် သေဆုံးသွားတာ နဲ့ ဒါကြောင့် ကျွန်မတို့ရုံးက အန်တီဆိုရင် သူ့ကင်ဆာဖြစ်တာသူများကို မသိစေချင်ဘူး၊ သူများတွေသူ့ကိုသေလူလို့ ကြည့်နေတဲ့အကြည့်တွေ မခံနိုင်ဘူးဆိုပီးရင်ဖွင့်ရှာပါတယ်။ ကျွန်မ ရဲ့ အချစ်ဆုံး
ကြီးကြီး လဲ ကင်ဆာနဲ့ဆုံးသွားသလို အမလို ခင်မင်ပီးချစ်ရတဲ့ ရှေ့နေမမ တစ်ယောက်လဲ ကင်ဆာနဲ့ ဘ၀ဆုံးသွားရရှာပါတယ်။ အထူးသဖြင့် ကျွန်မတို့မိသားစုနဲ့ နှစ်အိမ်တစ်အိမ်လိုဖြစ်နေတဲ့ မိုးကောင်းက အန်တီနဲ့အန်ကယ်လဲ ကင်ဆာနဲ့ဘဲ ဆုံးပါးသွားကြတယ်။ အရင်ကတော့ ပန်းခါး ဆိုတာအရမ်းကို နာမည်ကြီးတယ်။ ပန်းပင်အခြောက်လေးတွေကိုရေနွေးကြမ်းလိုလုပ်သောက်ရတာပါ၊ အရမ်းကိုခါးတော့ ကျွန်မတောင် စမ်းသောက်ကြည့်ပီးတွန့်သွားတာနဲ့ မသောက်ဖြစ်တော့ပါဘူး။ ခီမိုသွင်းထားတဲ့လူနာတွေဆို ခံတွင်းထဲဘာထည့်ထည့်အရသာမရှိတော့ဘူး။ အရမ်းလဲသနားဖို့ ကောင်းပါတယ်။ ကင်ဆာ ရောဂါဖြစ်နေသူများအတွက် သတင်းကောင်းပါ။ အရသာလဲမဆိုးတဲ့ဘဘာဝ အသီးပင်ရဲ့အရွက်ကို ပြုတ်သောက်ရုံတင်နဲ့ ကင်ဆာရောဂါကို ပျောက်ကင်းသက် သာစေတာ ကျွန်မမျက်စိရှေ့မှာတင် ၄ ယောက်လောက်တွေ့ခဲ့လို့ ရဲရဲကြီးမျှဝေလိုက်ပါတယ်။ ဆေးပညာအကြောင်းအစုံလင်နားမလည်ပေမယ့် ခီမိုသွင်းတာ ကင်ဆာ cell အကောင်းရောအဆိုးပါသတ်ပစ် တာဖြစ်ပီး ဒီဒူးရင်းသြဇာအရွက်ပြုတ်ရည်ရဲ့ အာနိသင်ကတော့ ကင်ဆာ ဆဲလ် ချည်းသတ်သတ်ကိုသာ သတ်ပစ်တယ်လို့ ရှင်းပြပါတယ်။ ကျွန်မညီမလေးကျောင်းက ပရော်ဖက်ဆာကတော့ လူတိုင်းတော့ ပျောက်နိုင်မှာမဟုတ်ဘူး၊ တစ်ယောက်နဲ့ တစ်ယောက် ကင်ဆာဖြစ်ပုံအမျိုးစားခြင်းမတူသလို ခန္တာကိုယ်က တုံ့ပြန်ပုံခြင်းလဲမတူနိုင်ပါဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ကျွန်မအကြံပေးခြင်တာကတော့ အနည်းနဲ့အများ ပျောက်သွားသည်ဖြစ်စေ သက်သာသွားသည်ဖြစ်စေ အန္တရယ်မရှိတာမို့ စမ်းသောက်ကြည့်ကြဖို့တိုက်တွန်းပါရစေ။ ကိုယ်နဲ့သိတဲ့ မိတ်ဆွေ သူငယ်ချင်း ဆွေမျိုးသားခြင်းများမှာလဲ ကင်ဆာရောဂါရှိတဲ့သူများရှိရင် ထပ်ဆင့် ဝေဌပေးကြပါ နော်။ ကင်ဆာဆဲလ် တွေစစ်တဲ့အခါတိုးတက်မှုရှိမရှိကို သိလာပါလိမ့်မယ်နော်။ <><>

ဒူးရင်းသြဇာလို့ မြန်မာပြည်မှာခေါ်တဲ့အသီးကို သိကြမယ်ထင်ပါတယ်နော်။ အဲဒီအသီးပင်ရဲ့အရွက် ကိုပြုပ်သောက်ရမှာဖြစ်ပါတယ်။ ဆေးနည်းကတော့ အရွက် (၂၀) ရွက် ကို ရေ ၆-၈ ခွက်ထည့်ပီး မီးအေးအေးနဲ့ (၂) နာရီကြာအောင်တည်ရပါမယ်။တစ်ရက်ကို (၃) ခါ နှစ်ခွက်စီ သောက်ပါ ၅)ရက်သောက် ရမှာဖြစ်ပါတယ်။လိုအပ်ရင် ဆက်သောက်သွားလို့ ရပါတယ်။အသီးလဲကြိုက်တတ်ရင်ရန်ဖန်ရံခါစားပေးပါ။ ကင်ဆာရောဂါ ရှိသူများ၊အသိမိတ်ဆွေအမျိုးထဲမှ ရောဂါရှိသူများကို သဘာဝဆေးဖြစ်တာကြောင့် ဘေးဥပဒ်မသင့်မှာမို့ စမ်းကြည့်ကြဖို့ တိုက်တွန်းကြပါနော်။ သက်သာပျောက်ကင်းသွားတယ်ဆိုရင် ...ကိုယ့်အတွက်အမြတ်ပါဘဲ...

ဟာသ

၁) နောက်တစ်မျိုးက

‘‘ သဘာဝ လောကကြီး ကို တည်နေအောင် ပေါင်းစပ်ဖွဲ့စည်း ထားတဲ့ ဓာတ်ကြီး လေပါးကို
ပြောစမ်း။’’
‘‘ မြေ-လေ-မီး...ပြီးတော့...ပြီးတော့...’’
‘‘ မင်းလက်ကို သန်ရှင်းအောင် ဘာကိုသုံးရသလဲ။’’
‘‘ ဆပ်ပြာပါ ဆရာ ’’

၂) ရောမမြို့ကြီးတည်ဆောက်ချိန်

‘‘ ရောမမြို့ကြီးကို ဘယ်အချိန်မှာတည်ဆောက်ခဲ့တာလဲ။’’
‘‘ ညမှာပါ’’
‘‘ ဘာလို့ ညလို့ ပြောရတာလဲ’’
‘‘ ဆရာပဲပြောတယ်လေ။ ’’
‘‘ ရောမမြို့ကြီးကို တစ်နေ့တည်း နှင့် မတည်ဆောက်နိုင်ဘူးလို့’’

၃) ရူပဗေဒ

‘‘ မိုးချိန်းရင် လျှပ်စီးလျှပ်တာကို အရင်မြင်ရ ပြီး အသံကိုနောက်မှ ကြားရတာ
ဘာလို့လဲ။’’
‘‘ မျက်စိက နားထက်ရှေ့နည်းနည်း ပိုရောက်နေလို့ခင်ဗျ။’’

၎) ဆက်သွယ်လိုလျှင်

‘‘ ခရစ်တိုဖာကိုလံဘတ်ရဲ့ နောက်မှာ (၁၄၅၁-၁၅၆၀) ဆိုပြီးရေးထားပါတယ်။

အဲဒီဂဏန်းတွေရဲ့အဓိပ္ပါယ်ကိုသိရဲ့လား။’’

‘‘ ကိုလံဘတ်ရဲ့ တယ်လီဖုန်းနံပါတ်ပါ ဆရာ။’’

၅) ကျွန်တော့်အဖေပါ

မောင်မောင်က ကျောင်းအုပ်ဆရာကြီးဆီကို ဖုန်းဆက်ပြီး-

‘‘ ကျွန်တော့်သားကိုခွင့်ပေးဖို့ ခွင့်တိုင်တာပါ။’’
‘‘ ခု ဖုန်းဆက်တာဘယ်သူလဲ’’
‘‘ ကျွန်...ကျွန်..ကျွန်တော့် အဖေပါ ဆရာကြီး။’’

၆) မှန်ပေမယ့် မှားတယ်
‘‘စိတ္တဇနာမ် ဆိုတာဘာလဲ။’’
‘‘ မသိဘူးဆရာ။’’
‘‘ ထိလို့ကိုင်လို့ မရတဲ့အရာ အမည်ပေါ့။’’
‘‘သိပါပြီဆရာ။ မီးဖိုပေါ်က ထမင်းအိုးပါ။’’

၇) မှန်တော့မှန်ပါရဲ့

‘‘ နာမ် ’’တစ်ခုကိုပြောပါ။
‘‘ နွား ’’ ပါဆရာ။
‘‘ မှန်တယ်၊ ကဲ...နောက်တစ်ယောက်ပြောပါဦး။’’
‘‘ နောက်ထပ်နွားတစ်ကောင်ပါခင်ဗျ။’’


၈) စီအေတီ

‘‘ CAT ကတ်ရဲ့ အဓိပ္ပါယ်ကို သိရဲ့လား။’’
‘‘ မသိဘူးခင်ဗျ။’’
‘‘ မင်းအိမ်မှာကြွက်တွေကို ဘယ်သူဖမ်းတာလဲ။’’
‘‘ အမေထောင်ခြောက်ထောင်ပြီးဖမ်းပါတယ်။’’

၉) အမေးနှင့် အမေး


‘‘ မင်းအမြဲ သင်္ဘောစီး ခရီးသွားနေပြီး ခုထိရေမကူးတတ်သေးဘူးလား။’
‘‘ ခင်ဗျားရော အမြဲလေယာဉ်ပျံစီး ခရီးသွားနေပြီး ခုထိ မပျံတတ်သေးဘူးလား။’’


၁၀) သတိပေးနေလို့

‘‘ မင်းကဘာလို့ ကျောင်းအမြဲ နောက်ကျနေရတာလဲ။’’
‘‘ လမ်းထောင့် ရောက်တိုင်း သတိပေး ဆိုင်းဘုတ်ကိုတွေ့နေလို့ပါ။ ’’
‘‘ ကျောင်းရှိသည်ဖြေးဖြေး’’တဲ့။

Tuesday, 5 January 2010

ငှက်ကလေးများအားကယ်တင်သူ

ငှက်ကလေးများအားကယ်တင်သူ

ဆောင်းဦးရာသီရဲ့ သာယာလှတဲ့မနက်ခင်းလေးမှာ လူလေးယောက်ဟာ မြင်းကိုယ်စီနဲ့တောလမ်းလေး တလျှောက်စီးလာခဲ့တယ်။ သူတို့အားလုံးဟာ ရှေ့နေတွေဖြစ်ကြပြီးတော့ သူတို့ဦးတည်သွားနေတာကတော့ ဒီတောလမ်းလေး ကျော်ရင်ရောက်တော့မယ့် မြို့ကလေးရဲ့ တရားရုံးတစ်ခုမှာအမှုကြားနာဘို့အတွက်ပေါ့။

မိုးရွာထားလို့ တောလမ်းလေးတလျှောက်မှာ ဗွက်တွေ ရွှံ့တွေနဲ့ စိုစိုစိစိနဲ့ပေါ့။ သစ်ရွက်လေးတွေမှာ စီရရီတွဲလွဲခိုနေတဲ့ လက်ကျန်မိုးပေါက်လေးတွေကလည်း သစ်ပင်ပေါ်ကနေ တစက်စက်နဲ့ကျနေတော့ မြက်ပင်လေး တွေကလည်း စိုစွတ် နေတော့ တာပေါ့။ ရှေ့နေလေးယောက်လုံးဟာ ရွှံ့တွေနဲ့ပေကျံ စိုစွတ်နေတဲ့လမ်းကျဉ်းလေးတစ်လျှောက် ရှေ့ဆင့်နောက်ဆင့်မြင်းကိုယ်စီ စီးနင်း လို့ပေါ့။ သူတို့အားလုံးဟာ ရယ်မောစရာတွေ ရှာကြံပြောရင်း လမ်းတလျှောက်တဖြေးဖြေးစီးနင်းလိုက်ပါလာကြတယ်။ သစ်ပင်လေးတွေအစီအရီ ပေါက်နေတဲ့တောအုပ်လေးတစ်ခုကိုဖြတ်သန်းလာချိန်မှာတော့ သူတို့ရဲ့ဦးခေါင်းပေါ်က ငှက်တစ်ကောင်ရဲ့ တောင်ပံ တဖြတ်ဖြတ်ရိုက်ခတ်သံနဲ့အတူ လမ်းတဖက် မြက်ပင်တွေကြားက တခြားငှက်ငယ်လေးတွေရဲ့ တိုးညှင်းစွာညည်းတွား နေသံကို ကြားလိုက်ရတယ်။ ကျလိ...ကျလိ...ကျလိ..ဆိုတဲ့ စီစီညံနေတဲ့ အသံစူးစူးလေးတစ်သံက သစ်ရွက်တွေ အုံ့ဆိုင်းနေတဲ့ အပင်ပေါ်ကနေပေါ်ထွက်လာတယ်။ တချိန်ထဲမှာပဲ... ကျလိ...ကျလိ..ကျလိ...ဆိုတဲ့ သနားစဖွယ်အသံတိုးတိုးလေးတွေကလည်း စိုစွတ်နေတဲ့ မြက်ပင်တွေကြားက ဟိုတစ်စ ဒီတစ်စ ပေါ်ထွက်လာတယ်။ "ဟေ့..သနားစရာလေးပါလားကွ " ....စပိဒ် လိုအမည်ရတဲ့ ရှေ့ဆုံးကရှေ့နေက မြင်းပေါ်ကနေလှမ်းပြောလိုက်တယ်။ ဟာဒင်လို့အမည်ရတဲ့ ဒုတိယရှေ့နေက .." သပိတ်လွယ်ငှက်တွေ နေမှာပေါ့ကွာ ..ကြည့်ရတာ မုန်တိုင်းစာမိပြီး အသိုက်ထဲကနေ လွှင့်ကြလာပုံရတယ်..မွေးကာစ အတောင်မစုံသေးတဲ့အရွယ်တွေဆိုတော့ မပျံနိုင်ဖြစ်နေတော့တာပေါ့.. ကြည့်ပါလား အမေ ငှက်မကြီးက စိတ်ပူပြီးပျာယာခတ်နေတာ.." လို့ ပြောလိုက်တယ်။
အမည်မဖော်ပြနိုင်တော့တဲ့ တတိယရှေ့နေက.. ." သနားစရာကွာ...ဒီအတိုင်းဆို မြက်ခင်းစိုစိုထဲမှာ အားလုံးသေကုန်ကြတော့မှာဘဲ "...လို့ပြောပြန်တယ်။ ဒီအခါ ရှေ့နေဟာဒင်က.." ထားလိုက်ပါကွာ.. ငှက်တွေဘဲဟာ.. အရေးမကြီးလှပါဘူး.. ဒုက္ခရှာမနေပါနဲ့တော့.." ..လို့ ပြောတယ်။
"အေးလေ..ဟုတ်သားဘဲ.."..လို့ ရှေ့နေ စပိဒ်ကလည်းထောက်ခံလိုက်တယ်။ သူတို့ သုံးယောက်သား ငှက်အမေကြီး ပူဆွေးစွာနဲ့ယောက်ယက်ခတ်အော်မြည်နေသံကိုရော အတောင်တဖျတ်ဖျတ် ရိုက်ပြီး အော်မြည်နေတဲ့ မြက်တောစိုစိုထဲကငှက်ပေါက်စလေးတွေကိုပါ ကျောခိုင်းပြီးခရီးဆက်လက်ထွက်ခဲ့ကြတယ်။ သိပ်မကြာခင် မိနစ်ပိုင်းအတွင်းမှာဘဲ သူတို့၃ယောက်သားဟာ ခုနကလိုဘဲ ရယ်မောပျော်ရွှင်စရာတွေကိုပြောလာကြတယ်။ အချိန်ပိုင်းအတွင်းမှာ ငှက်ကလေးတွေကိုသူတို့လုံးဝမေ့လျှော့သွားကြပြီပေါ့။ဒါပေမယ့် စတုထ္ထမြောက် ရှေ့နေ..သူကတော့ မြင်းကိုရုတ်ချည်းတုန့်ကနဲရပ်လိုက်တယ်။ မြင်းပေါ်ကချက်ခြင်းဆိုသလို ဆင်းလာပြီးနောက် သူ့ရဲ့ကြီးမားတဲ့လက်အစုံနဲ့မြက်ခင်းထဲက ငှက်ငယ်လေးတွေကိုတယုတယယူငင်လိုက်တယ်။ ငှက်ကလေးတွေက ခုနကမြက်ခင်းထဲမှာလိုကြောက်လန့်ပုံမပြတော့ပါဘူး။ သူတို့လုံခြုံမှုရသွားပြီဆိုတာသိတဲ့ပုံနဲ့ ချစ်စဖွယ်ကျလိ..ကျလိနဲ့ တိုးတိုးလေးသာအော်မြည်နေတော့တယ်..။ "ငှက်ကလေးတို့ရေ.. စိတ်မပူပါနဲ့တော့... မင်းတို့ရဲ့ အသိုက်လေးထဲကို..ငါအရောက်ပို့ပေးပါ့မယ်.." လို့ သူက ပြောလိုက်တယ်။
အဲ့ဒီနောက်..သူက ငှက်ကလေးတွေ..အသိုက်ရဲ့ဘယ်နေရာကများပြုတ်ကျလာနိုင်သလည်း ဆိုတာ ရှာဖွေကြည့်မိတယ်။ ငှက်ကလေးတွေရဲ့ အသိုက်က လက်လှမ်းမမှီနိုင်လောက်အောင် မြင့်လွန်းနေတာမျိုးလည်း ဖြစ်နိုင်တယ်လေ။ ဒါပေမယ့် သူက စိတ်မပျက်ပါဘူး.။ သူသစ်ပင်ကောင်းကောင်းတက်တတ်တာပေါ့။ သူကလေးဘ၀တုန်းက သစ်ပင်တော်တော်များများကိုတက်ခဲ့ သူလေ။ သူကငှက်ကလေးတွေ တစ်ကောင်စီကိုစိတ်ရှည်လက်ရှည်နဲ့ သူတို့ရဲ့သစ်ပင်ပေါ်က အသိုက်အိမ်လေးထဲကို အသာအယာ ထည့်ပေးလိုက်တယ်။ တစ်ကြိမ်မှာ အဆော့သန်တဲ့ ငှက်ကလေးနှစ်ကောင်ကြောင့် သူရော ငှက်ကလေးတွေပါ သစ်ပင်ပေါ်က ထပ်ပြုတ်ကျရသေးတယ်..။ ငှက်ကလေးတွေပျော်နေတယ်လို့ သူထင်နေမိတယ်။ သူလည်း ငှက်ကလေးတွေနဲ့အတူပျော်ရွှင် နေမိတော့တယ်။ သူ ပြန်လူးလဲထပြီး ငှက်ကလေးကို အသိုက်ထဲထည့်ပေးပြန်တယ်။ အရှေ့ကထွက်သွားနှင့်တဲ့ ရှေ့နေ သုံးယောက် တစ်နေရာအရောက်မှာ သူတို့မြင်းတွေကိုအနားပေးရေသောက်စေတယ်။ သူတို့လည်းအနားယူရင်းပေါ့။ ဒီတော့မှ စတုထ္ထရှေ့နေဟာ သူတို့နဲ့အတူပါမလာတာတွေ့ရတယ်။ သူတို့သုံးယောက်လုံး အံ့သြသွားတယ်။ ဒီလူဘယ်မှာကျန်ခဲ့ပါလိမ့်ပေါ့။ အဲ့ဒီမှာ ရှေ့နေ စပိဒ် ကပြောတယ်.." ခင်ဗျားတို့ ငှက်တွေကိုမှတ်မိတယ်မဟုတ်လား ...သေခြာတာကတော့ ဒီလူတော့ အဲ့ဒီငှက်တွေကို ကူညီဘို့ကျန်ခဲ့ပုံဘဲ"...မိနစ်အနည်းငယ်အကြာမှာတော့ စတုထ္ထရှေ့နေဟာသူတို့ဆီကိုမှီလာတယ်။ သူ့ရူးဖိနပ်အစုံမှာလည်းရွှံ့တွေပေလူးလို့ပေါ့။ ဆူးခြုံပင်က ဆူးတွေကလည်း သူ့ ကုတ်အိကျီ င်္မှာညိတွယ်လို့။ "ဟေး..ခင်ဗျားဘယ်မှာကျန်ခဲ့တာလည်း"..လို့ ရှေ့နေဟာဒင်က သူ့ကိုမေးလိုက်တယ်။ " ကျွန်တော်ငှက်ငယ်လေးတွေကိုသူတို့ရဲ့မိခင်စီအရောက်ပို့ပေးနေလို့ပါခင်ဗျာ.." လို့ စတုထ္ထရှေ့နေက ပြုံးရွှင်စွာပြောတယ်။ "ကောင်းပါ့ဗျာ..ဒါကြောင့်ကျုပ်တို့အားလုံးအမြဲတွေးနေမိတယ်..ခင်ဗျားဟာ ဘာလို့ စံပြပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေသလဲ ဆိုတာကို..ခုတော့သိပါပြီ..."..လို့ ရှေ့နေ စပိဒ်က..ခနဲ့တဲ့တဲ့ပြောတယ်။ အဲ့ဒီနောက် သူတို့ သုံးယောက်သား အူလှိုက်သဲလှိုက်ရယ်မောကြတယ်။ ဒီလူတော်တော်မိုက်မဲတာဘဲ.. ဘာမှမဟုတ်တဲ့ ဒီငှက်ကလေးတွေအတွက် သူလို လူသန်သန်မာမာကြီးက ခုလိုမျိုး ဒုက္ခ္ခခံခဲ့ရတယ်လို့။ အဲ့ဒီအခါမှာ စတုထ္ထရှေ့နေကခုလိုပြောလိုက်တယ်.. "အစ်ကိုတို့ ခင်ဗျား.. ဒီသနားစဖွယ်သပိတ်လွယ်ငှက်ငယ်လေးတွေကိုမကူညီဘဲထားခဲ့ရလို့ . သူတို့သာဒီမြက်ပင်စိုစို တွေကြား ထဲမှာသေဆုံးသွားခဲ့ ကြမယ်ဆိုရင်.. ကျွန်တော်တော့ဘယ်လိုမှအိပ်ပျော်နိုင်တော့မယ် မထင်ပါဘူးခင်ဗျာ"အဲ့ဒီ သပိတ်လွယ်ငှက်ကလေးတွေကို ကြင်နာစွာနဲ့ကယ်တင်ခဲ့တဲ့ စတုထ္ထမြောက်ရှေ့နေက သိပ်မကြာခင်ကာလမှာဘဲ အမေရိကန်နိုင်ငံရဲ့အလွန်ကြော်ကြားတဲ့ရှေ့နေတစ်ဦးဖြစ်ယုံသာမကဘဲ အောင်မြင်တဲ့အမတ်တစ်ဦးလည်းဖြစ်လာခဲ့ပါတယ်။ အဲ့ဒီနောက် သူဟာ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတ အဖြစ်ရွေးချယ်ခံခဲ့ရတယ်။ အမေရိကန်ရဲ့ သမိုင်းမှာတော့ သူဟာ အောင်မြင်ထင်ရှားတဲ့ သမ္မတတစ်ဦးအဖြစ်ရပ်တည်ခွင့်ရခဲ့ပါတယ်။ သူကတော့ " သမ္မတ အေဗရာဟမ်လင်ကွန်း " ပါဘဲ။

~~~~~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~
James Baldwin ရဲ့SAVING THE BIRDS ကိုခံစားပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
http://auroragenerationgroup.ning.com တွင်လည်းဝင်ရောက်ဖတ်ရှူနိုင်ပါကြောင်း။

ချမ်းမြေ့ပါစေ။
YM ME

Tuesday, 29 December 2009

computer and healthy

Website တစ်ခု ထဲက ရတဲ့ ကျန်းမာရေး အသိပညာပေးလေးတစ်ခုပါ။မျှဝေပေးလိုက်ပါတယ်။


ကွန်ပျူတာ အမြဲသုံးစွဲသူများ သိထားသင့်သည့် ကျန်းမာရေး

Posted on November 28, 2009 by manawphyu

အိုင်စီတီမှာ တွေ့ဆုံပွဲတုန်းက ဆွေးနွေးချက်လေးတစ်ခုကို ပြန်သတိရမိလို့ တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။ အဲဒါက ဘာလဲဆိုတော့ ကွန်ပျူတာသုံးသူတွေ ဘယ်လိုနေရာမျိုးမှာ သုံးပြီး ဘယ်လိုလုပ်ရမလဲဆိုတာကိုပါပဲ။ ဘာကြောင့်လည်းဆိုတော့ ကျွန်မလည်း မျက်မှန်တပ်နေရတဲ့သူတစ်ယောက်ဖြစ်နေလို့ပါ။ နောက်တစ်ချက် ကိုငွေထွန်းတို့က မေးတယ်။ မန်ဘာများအားလုံး တစ်နေ့ကို ကွန်ပျူတာရှေ့မှာ ဘယ်လောက်ထိုင်ပါသလဲတဲ့။ တော်တော်များများ ဖြေကြတာကို တွေ့ရပါတယ်။ ကျွန်မလည်း ကိုယ့်ဘာသာ ဘယ်လောက်ဆိုတာ ပြန်သုံးသပ်မိတော့ တော်တော်ကို သူများတွေထက် ပိုနေတာ တွေ့ရတယ်။ ခုတော့ မျက်စိကို အနားပေးချင်တာရယ် လူလည်း သက်သာအောင်ရယ်ဆိုပြီး အလုပ်မှ လွဲပြီး သိပ်မထိုင်မိအောင် ကြိုးစားနေပါတယ်။

ဘယ်နေရာမှာ ရှိနေသလဲ
သင့်ရဲ့ ကွန်ပျူတာ၊ keyboard၊ mouse တို့ကို နေရာ မှန်ထားတက်ဖို့အရေးကြီးပါတယ်။ သင့်ရဲ့ ကွန်ပျူတာ screen ဟာ သင့်မျက်လုံးကနေ သင့်ရဲ့
လက်တစ်ကမ်းအကွာနဲ့ မျက်လုံးရဲ့ ၂၀ ဒီဂရီအောက် နိမ့်နေရပါမယ်။

အလင်းရောင်

သင့် အခန်းတွင်း အလင်းရောင်ပြန့်နှံ့နေပါစေ။ ဒါမှ ကွန်ပျူတာ screen မှလာသော
reflection တွေကို လျှော့ချနိုင်မှာဖြစ်ပါစေ။ ကွန်ပျူတာ screen အား သင့်မျက်စိ
နှင့် သင့်တော်ရာ အလင်း၊ အမှောင် setting လုပ်ထားပါ။

မျက်မှန်
Anti-reflective Lenses ပါသော မျက်မှန်ကို တပ်ပေးခြင်းဖြင့် တောက်ပသော
အရာမှလာသော reflection တွေကို ကာကွယ်နိုင်ပါတယ်။ သင့်ရဲ့မျက်စိဆရာဝန်က သင့်အား ကွန်ပျူတာနှင့် ထိတွေ့နေသူမှန်းသိရင် ထို Anti-reflective Lenses
ထည့်ထားတဲ့မျက်မှန်ကို ညွန်းပါလိမ့်မယ်။ (ကျွန်မလည်း အဲလို မျက်မှန်တပ်နေပါတယ်။ မျက်မှန်လုပ်တဲ့ဆီမှာ ဈေးနှုန်းအနည်းငယ်တော့ ကွာခြားမှုရှိပါတယ်။ ကိုယ့်ကျန်းမာရေးအတွက် သင့်တော်တာကို တပ်သင့်ပါတယ်။)

မိနစ် ၂၀၊ ပေ ၂၀၊ အခါ ၂၀
ကွန်ပျူတာနှင့် အလုပ်လုပ်သူများ မိနစ် ၂၀ လောက် ကြာတိုင်း ခေါင်းကို ခဏ
ဘေးကိုလှည့်ပြီး ပေ၂၀ လောက်ဝေးတဲ့ အရာတစ်ခုခုကို ကြည့်ကြည့်ပေးပါ။
ဒီနည်းလမ်းဟာ သင့်ရဲ့ ပင်ပန်းနေတဲ့ မျက်လုံးအား သက်သာရာ ရစေပါတယ်။ နောက်ပြီး အခါ ၂၀
လောက် မျက်စိအား ပိတ်လိုက်ဖွင့်လိုက်လုပ်ခြင်းဖြင့် မျက်လုံး စိုစွတ်ခြင်းကို
ရယူပါ။ ပြီးရင် ခဏ ထိုင်ခုံမှ ထပြီး ခြေလှမ်း ၂၀ လောက် လမ်းလျှောက်ခြင်းဖြင့်
သွေးလှည်ပတ်စေပါတယ်။ (ကျွန်မကတော့ အဲလို လမ်းလျှောက်ရင်းနဲ့ ရေထသောက်တဲ့အကျင့်ကို ယူထားပါတယ်။ နောက် ဟိုလှည့်ဒီလှည့်လုပ်ရင်လည်း အလုပ်က ညီမလေးတွေက မေးတယ်။ အမ ဘာတွေလျှောက်ကြည့်နေတာလဲတဲ့။ ကျွန်မကတော့ မပြောပါဘူး။ ပြုံးပဲနေလိုက်ပါတယ်။ နင်တို့ကို ချက်ကင်ကြည့်တာလို့ စပါတယ်။ နောက်တစ်ချက်က ကျွန်မက ကောင်းကင်ကိုပဲ မော့ကြည့်တတ်တဲ့အကျင့်လည်းလုပ်ထားပါတယ်။ ကျွန်မလုပ်နေတဲ့အလုပ် ရုံးခန်းက ကောင်းကင်နဲ့နီးပြီး လူတွေနဲ့ဝေးတဲ့နေရာဖြစ်နေလို့ပါပဲ။ )

မျက်စဉ်း ခတ်ပေးပါ

လူတစ်ယောက်ဟာ ၁ မိနစ်အတွင်း ပုံမှန် ၁၂ ခါ မျက်တောင်ခတ်ကျပါတယ်။ ဒါပေမယ့်
ကွန်ပျူတာနဲ့ အလုပ်လုပ်နေရရင် ၅ ခါ လောက်သာ မျက်တောင်ခတ်တာကို သင် သတိထားမိပါသလား။ အကျိုးဆက်အနေဖြင့် မျက်စိအား ခြောက်ကပ်နေစေပါတယ်။
ထိုသို့ ခြောက်ကပ် မနေအောင် မျက်စဉ်း ခတ်ပေးနိုင်ပါတယ်။

လက်ဖ၀ါးအုပ်ခြင်း

ထိုင်ခုံပေါ်တွင် မတ်မတ်ထိုင်ပြီး သင့်ရဲ့လက်ဖ၀ါး နှစ်ခုအား နွေးလာသည်အထိ
ပွတ်ပေးပါ။ ထိုနွေးနေသော လက်ဖ၀ါးနဲ့ သင့်မျက်စိနှစ်ဖက်ကို ၁ မိနစ်လောက်ဖုံးအုပ်ပေးလိုက်ပါ။ သင် မျက်စိညောင်းကိုက်၊ ပင်ပန်းလာတိုင်း ၂ ကြိမ်၊ ၃ ကြိမ်လောက် လုပ်ပေးပါ။ ထို လက်ဖ၀ါးမှ လာသော နွေးထွေးမူသည် သင့်ရဲ့ ပင်ပန်းနေသော မျက်စိအား သက်သာစေပါတယ်။

မျက်နှာသစ်ခြင်း

အားတဲ့အချိန်မှာ မျက်စိမှိတ်ပြီး ရေအေးဖြင့် မျက်နှာသစ်ပေးပါ။ အင်မတန် လန်းဆန်းခြင်းကို ခံစားရပါလိမ့်မယ်။

လက်ဖက်ခြောက် အထုပ်

သောက်ပြီးသား လက်ဖက်ခြောက် အထုပ်ကလေးများကို လွင့်မပစ်ပဲ ရေခဲသေတ္တာထဲထည့်ထားပြီး အားတဲ့အချိန်ကျရင် ထို လက်ဖတ်ခြောက်အထုပ် ၂ ထုပ်အား သင့်မျက်စိ တဖတ်စီိတွင် တင်ပြီး အနားယူပါ။ မျက်စိအား အေးမြစေပါသည်။(ကျွန်မကတော့ ရေခဲသေတ္တာ မရှိတဲ့အတွက် အဲဒီနည်းကို မသုံးပါဘူး။ အလုပ်ပြန်လာရင် ကားဂိတ်နားက ကွမ်းယာဆိုင်က ကွမ်းရွက်တောင်းလာပါတယ်။ တစ်ခါတလေ မတောင်းပဲနဲ့လည်း တစ်ရွက်တလေ ယူလာတတ်ပါတယ်။ ညဘက် အိပ်ရင် မျက်လုံးနှစ်လုံးပေါ် ကွမ်းရွက်အုပ်အိပ်တဲ့အခါ မနက်လင်းရင် မျက်စိက အပူတွေလည်း ထွက်သလို မျက်စိကိုလည်း အမြင်ကြည်လင်စေတာကြောင့် အလကားရတဲ့နည်းကို သုံးပါတယ်။ ဟီး)

အစားအသောက်
ဗီတာမင် အေ၊စီ၊အီး ပါသော အစားအစာများ ပိုစားပါ။ သံပရာရည်၊
အသီးအရွက်၊ခရမ်းချဉ်သီး၊ ဥ နှင့် နို့ထွက်ပစ္စည်းများ လဲ ပိုစားပေးပါ။ (ကျွန်မကတော့ သံပုရာရည်ကို မသောက်ပါဘူး။ ဒီထက်သောက်ရရင်လည်း မော်ဒန်ကနေ မယ်တော်ပုံစံပေါက်နေမှာစိုးလို့ပါ။)

နောက်တစ်ချက်က ဆွေးနွေးပွဲမှာ ကိုငွေထွန်းတို့ မောင်လေးအိမောင်တို့ ပြောတဲ့ မြက်ခင်းစိမ်းစိမ်းတွေ အပင်တွေရှိနေသင့်တယ်တဲ့။ ဒါလည်း မှန်တော့မှန်ပါတယ်။ အိမ်ထဲက ကွန်ပျူတာနားမှာ မြက်ခင်းကြီးကတော့ ရွေ့ထားလို့မရတဲ့အတွက် ကွန်ပျူတာသုံးပြီးရင် အပင်စိမ်းတွေ လိုက်ကြည့်လို့ရမယ်ထင်မိပါတယ်။

ကဲ အားလုံးပဲ အကုန်လုံးကို မလိုက်နာနိုင်ရင်တောင် ဒီအချက်တွေထဲက ကိုက်ညီပြီး လုပ်နိုင်မယ်ထင်တဲ့ နည်းကို သုံးကြည့်စေချင်ပါတယ်။ ဒါမှ ရေရှည်မျက်စိအဆင်ပြေပြီး အလုပ်တွေလည်း ပိုမိုအောင်မြင်အောင်လုပ်နိုင်
မယ်လို့ ကျွန်မတော့ မြင်မိပါတော့တယ်။)

Friday, 25 December 2009

အရမ်းမတွေးနဲ့နော် dont think too much

ဒီဥာဏ်စမ်းက အမေရိကန် Harvard တက္ကသိုလ်ရဲ့ ၂၀၀၁ခုနှစ်မှာ Institute of Science ဂုဏ်ထူးတန်းကိုမေးတဲ့ မေးခွန်းလိုဆိုထားပါတယ်။

မေးခွန်းက အကယ်၍
၁= ၅
၂= ၂၅
၃= ၁၂၅
၎= ၆၂၅
၅= ?

လူတော်တွေတက်တဲ့ ဟားဗတ်ရဲ့မေးခွန်းကို ဖြေကြည့်ကြရအောင်... ကျွန်မတို့အားလုံးမှာ ဟားဗတ် တက်နိုင်တဲ့ အရည်အချင်းရှိကြပါတယ်။



ဥာဏ်စမ်း


ချိုချဉ်တစ်လုံးကို ၁ကျပ်ပေးရတယ်။
ချိုချဉ်အခွံ ၃ခုကို ချိုချဉ်တစ်လုံးနဲ့ လဲနိုင်တယ်။
၁၅ ကျပ်ဖိုး ၀ယ်တယ် ဆိုပါစို့။
စုစုပေါင်း ချိုချဉ်ဘယ်နှစ်လုံး စားရမလဲ.. ?

က) ၀ လုံး
ခ) ၁၅ လုံး
ဂ) ၂၀ လုံး
ဃ) ၂၁ လုံး
င) ၂၂ လုံး


အားလုံး ဖြေကြည့်ကြပါနော်။ လူတော်တွေပဲဆိုတာ သိပါတယ်။ ရုံးပိတ်ရက်လေးမှာ ပျော်ပျော်ပါးပါး အပျင်းပြေပေါ့...း)
Answer...??????








တစ်ခါက ဆရာတစ်ဦးဟာ ဒီလို ဥာဏ်စမ်းထုတ်သတဲ့။
ဆွံအသူ တစ်ယောက်ဟာ ဆိုင်တစ်ဆိုင်မှာ သံချောင်းဝယ်ဖို့ သွားခဲ့တယ်။ သူက ဆိုင်ရှင်ကို ဘယ်ဖက်လက်ကို သံချောင်းသဏ္ဍာန် လုပ်ပြပြီး ညာဖက်လက်ကို သံရိုက်သွင်းနေတဲ့ ပုံစံလုပ်ပြသတဲ့။ ဆိုင်ရှင်က သဘောပေါက်တဲ့ ပုံစံနဲ့ ခေါင်းညိတ်ပြပြီး သူ့ကို သံရိုက်တူ ကမ်းပေးလိုက်တယ်။ ဆွံအသူက မဟုတ်ကြောင်း ခေါင်းခါပြပြီး သံချောင်းပုံ လုပ်ထားတဲ့ လက်ကို ညွှန်ပြသတဲ့။ အဲဒီတော့မှ ဆိုင်ရှင်က သူ့ကို သံချောင်း ကမ်းပေးလိုက်တယ်။

အဲဒီအချိန်မှာ မျက်မမြင်တစ်ဦး ရောက်လာခဲ့တယ်။ မျက်မမြင်က သူဝယ်မဲ့ ကတ်ကြေးကို ဆိုင်ရှင်နားလည်အောင် ဘယ်လို အလွယ်ဆုံးနည်းနဲ့ ရှင်းပြခဲ့သလဲ..? သင်ဟာ အတန်းထဲက ကျောင်းသားတစ်ဦးဆိုရင် သင့်အဖြေက ဘာလဲ... ?

ဝါသနာပါသူများ ဖြေကြည့်ကြပါ။ အပျင်းလဲပြေ... ပျော်စရာလည်း ကောင်းပါတယ်။

+++++++++++++++++++++++++


စာဖတ်သူတွေက လူညံ့တွေ မဟုတ်ကြလို့ အဖြေက ဖြေနေစရာတောင် မလိုတော့ပါဘူးနော်။
တစ်ခါတလေ အတွေးတွေကို အဆုံးစွန်ထိ တွေးလိုက်မိရင် အသိဥာဏ်က သာမန်အဆင့်လောက်ပဲ ဖြစ်သွားတတ်ပါတယ်တဲ့။ ဒါကြောင့် Don't think too much.း)
Answer 1.

၁= ၅ ဆိုတော့

အဖြေက ၅ = ၁ ပါတဲ့

လွယ်လွန်းတဲ့အတွက် လူကိုဒွိဟဖြစ်စေတဲ့ မေးခွန်းလေးပါ။ ၀င်ဖြေသူများ ကျေးဇူးတင်ပါတယ်.. ဟားဗတ်သွားကြရအောင်...

Answer 2.

ဘင်းဂို...... အဖြေက
(၂၂)လုံး ဖြစ်ပါတယ်။

၁၅ကျပ်ဖိုးဝယ်တော့ ချိုချဉ်က =
၁၅ လုံး
အခွံ၁၅ခုနဲ့ ချိုချဉ်ပြန်လဲတော့.....=
၅လုံး
ရတဲ့ ၅လုံးထဲက အခွံ၃ခုနဲ့ ပြန်လဲတော့ =
၁လုံး
ကျန်တဲ့ အခွံနှစ်ခုနဲ့ နောက်ဆုံးရတဲ့ အခွံပေါင်းပြီး ပြန်လဲတော့ နောက်
၁ လုံးထပ်ရတယ်။ စုစုပေါင်း (၂၂) လုံးရပါတယ်။ ရှိသမျှအခွံကို လွှင့်မပစ်ဘဲ အကုန်လဲစားလိုက်တာ..း) အလုံး(၂၀) ဖြေသူတွေ၊ (၂၁)လုံး ဖြေသူတွေလဲ မှန်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့သွားက ပိုးစားနေလို့ လျှော့စားလိုက်တာတဲ့း) အခွံကို လွှင့်မပစ်ဘဲ ပြန်လဲစားကြတဲ့အတွက် အားလုံးက လူတော်တွေပါပဲ။ ၀င်ရောက်ဖြေဆိုကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောင်နောက် လူချင်းကြုံခဲ့ရင် ချိုချဉ်လေးတွေ ကျွေးပါ့မယ်း)

Answer 3.
ဖတ်ဖူးတဲ့ ဆိုက်ဒ်ထဲမှာတော့ တစ်ချို့က လက်နဲ့ တစ်ခုခုကို ညှပ်နေတဲ့ ပုံစံလုပ်ပြမှာပေါ့လို့ ဖြေထားကြတယ်။ မျက်မမြင်က မျက်စိသာ မမြင်တာ ဆွံအသူ မဟုတ်ဘူးလေ။ ကတ်ကြေးတစ်လက် ပေးပါလို့ ပြောလိုက်ရုံပါပဲ။