Tuesday 17 November 2009

ဘာသာရေး အတွေး

ဗုဒ္ဓဘာသာတွင် ဆုတောင်းသင့်သလာ:
Posted by Wai Wai Soe on September 1, 2009 at 9:10am
Add as Friend View Wai Wai Soe's blog
ဗုဒ္ဓဘာသာမှာ ဆုတောင်းလို့မရပါဘူး။ ကိုယ်တိုင်အားထုတ်ယူမှ ရတယ်ဆိုရင် ဆုတောင်းဖို့ လိုပါသေးလား ? ဆုတောင်းရုံသက်သက်နဲ့တော့ လိုအပ်တဲ့အကျိုးမရပါဘူး၊ ဆုတောင်းတယ်ဆိုတာက မိမိစိတ်မှာဖြစ်ပေါ်တဲ့ လိုအင်ဆန္ဒတစ်ခုကို နှုတ်မြွက် ပြောဆိုခြင်းဖြစ်ပါတယ်။ စိတ်ထဲမှာ ရှိတာကို နှုတ်ကမြွက်ဆို အဓိဋ္ဌာန်ပြုပြီးနောက် လက်တွေ့ကျင့်ကြံ အားထုတ်လိုက်တဲ့အခါ မူလစိတ်ထဲမှာ ဖြစ်ပေါ်ခဲ့တဲ့ အကျိုးတရားကို ရရှိခံစားနိုင်ပါတယ်။ ဒါကြောင့် လက်တွေ့လုပ်ဆောင်မှုရဲ့ ရှေ့သွားဖြစ်တဲ့ ဆုတောင်းခြင်းဟာ လိုအပ်ပါတယ်။လောကမှာ လူသားတွေ မလိုလား မနှစ်သက်တဲ့ အပါယ်လေးပါး၊ ကပ်သုံးပါးစတဲ့ အကျိုးတရားတွေ ရှိတယ်။ ဒီအပါယ်လေးပါး၊ ကပ်သုံးပါးစသည်မှ လွတ်ရပါလို၏လို့ မကြာမကြာဆုတောင်းနေခြင်းဖြင့် ဒီအပါယ်လေးပါး၊ ကပ်သုံးပါးနဲ့ ကြုံတွေ့ရမှာကို ကြောက်လန့်မှု သံဝေဂရမယ်။ ဒီလို မကြာခဏဆုတောင်းလို့ မကြာခဏ သတိရပြီး ကြောက်လာတဲ့အခါမှာ ဒီအပါယ်လေးပါးစသည်ကို ရောက်စေမဲ့၊ မကောင်းတဲ့ အပြုအမူ အပြောအဆို အကျင့်အကြံတွေက ရှောင်ကြဉ်လာနိုင်မယ်။လောကမှာ လူသားတွေ လိုချင်တောင့်တနေတဲ့ လူချမ်းသာ၊ နတ်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာတွေရှိတယ်။ ဒီချမ်းသာတွေဟာ အကျိုးတရားတွေဖြစ်တယ်။ ဒီချမ်းသာ သုခအကျိုးတရားတွေကို မကြာမကြာ ဆုတောင်းခြင်းဖြင့် ပို၍လိုချင်လာမယ်။ ရောက်ချင်တဲ့ စိတ်တွေများလာရင် ထိုချမ်းသာတွေ ရရာ၊ ရကြောင်းတွေကို ကြိုးစားအားထုတ် ကျင့်ကြံလာကြမယ်။ ကောင်းတဲ့အပြုအမူ အပြောအဆို အကြံအစည်တွေကို လက်တွေ့လုပ်ဆောင်လာရင် လူ နတ် နိဗ္ဗာန်ချမ်းသာတွေကို တကယ်မုချ ရောက်နိုင်ကြမယ်။ဒီလို အပါယ်လေးပါးစတဲ့ ဆင်းရဲတွေကို ကြောက်လန့်လာပြီး မကောင်းမှုဒုစရိုက်တွေကို ရှောင်ကြဉ်မှု အကျင့်တွေ ဖြစ်လာမှာနဲ့ နိဗ္ဗာန်ချမ်းသာကို လိုချင်တောင့်တလာပြီး ဒါန၊ သီလ၊ ဘာဝနာစတဲ့ ကောင်းမှုကုသိုလ်တွေ ပြုလုပ်လာကြမယ်ဆိုတဲ့ အကျိုးတရားကို မျှော်မှန်းပြီး ရှေးဆရာတော်ကြီးများက ဩကာသ ဘုရားရှိခိုးမှာ ဆုတောင်းကို ထည့်ထားခြင်းဖြစ်ပါတယ်။ သို့သော် ရပါလို၏ ဆိုရုံနှင့်မရ၊ ဒုစရိုက်ကိုရှောင်၍ သုစရိုက်ကိုကျင့်မှ ဆင်းရဲကင်းပြီး ချမ်းသာကို ရမယ်လို့ သတိပြုကြရပါမယ်။ကုသိုလ်ကောင်းမှုပြုပြီး ဆုမတောင်းရင်လဲ ဖြစ်ပါတယ်။ ကောင်းတဲ့အလုပ်က ကောင်းတဲ့အကျိုးကို ပေးမှာအမှန်ပါပဲ။ ဒါပေမဲ့ ဆုမတောင်းထားတဲ့အတွက် တစ်ဘုံဘုံမှာ ချမ်းသာတစ်ခုခုကို ပေးပါလိမ့်မယ်။ ကုသိုလ်ကောင်းမှုပြုပြီးရင် ဆုတောင်းတာဟာ ပိုကောင်းပါတယ် ။ဥပရိပဏ္ဏသ အဋ္ဌကထာမှာ ပြဆိုတာက “ ကောင်းမှုပြုပြီးရင် ဆုတောင်းမှ ဖြစ်ချင်တဲ့ဘုံမှာ လိုချင်တဲ့ချမ်းသာကို ရနိုင်တယ်။ ဆုမတောင်းရင် ဒီကုသိုလ်ကြောင့် ဘာဖြစ်မယ်လို့ မသေချာဘူး (ဂတိမမြဲဘူး) ။ လိုချင်တာတွေ ဆုတောင်းပြီး ကုသိုလ်ကောင်းမှုကို လက်တွေ့မလုပ်ပြန်ရင်လဲ တောင်းတဲ့အတိုင်းမရဘူး။ ဒါကြောင့် ကုသိုလ်ကောင်းမှုလဲ ပြုကြပါ။ ကုသိုလ်ပြုပြီးရင်လဲ မိမိလိုရာဆုကို တောင်းကြပါလို့ ” တိုက်တွန်းထားပါတယ်။ကောင်းတဲ့အလုပ်ကိုလုပ်ရင် ကောင်းတဲ့အကျိုးရမယ်ဆိုပြီး ကုသိုလ်တစ်ခုခုကို ပြုပြီးရင် ဘာဖြစ်လို့ ဆုတောင်းနေကြသလဲ ? ဆုတောင်းတာ အပိုဖြစ်မနေဘူးလား ? တောင်းဖို့လိုသေးလား ? လို့ မေးစရာရှိပါတယ်။ဇောတိကသူဌေးလောင်းဟာ ကုသိုလ်ပြုပြီး သူပိုင်တဲ့ပစ္စည်းကို သူမပေးဘဲ မြက်၊ ဝါးခြမ်းစိတ်မျှ မယူနိုင်ပါစေနှင့်ဟု ဆုတောင်းခဲ့လို့ ယခုဇောတိက သူဌေးဖြစ်တဲ့အခါ သူ့ပစ္စည်းကို ဘယ်သူမှ ခိုးယူလို့မရဘူး။ အဂ္ဂသာဝကဆု၊ ဧတဒဂ်ဆုတွေကို အတိတ်ဘဝက တောင်းခဲ့ကြတဲ့အတွက် ယခုဘုရားရှင်လက်ထက်တော်မှာ တောင်းတဲ့ဆုနဲ့ ပြည့်စုံကြတယ် ပိဋကတ်မှာ နေရာအများတွေ့နိုင်ပါတယ်။ ဒါကြောင့် ကုသိုလ်ကောင်းမှု တစ်ခုခုပြုပြီးရင် မိမိလိုတဲ့ဆုကို တောင်းသင့်တယ်လို့ မှတ်ကြရပါမယ်။ဒါန၊ သီလ စတဲ့ ကာမာစရကုသိုလ်ဟာ နိဗ္ဗာန်ကို တိုက်ရိုက်မရောက်နိုင်ပေမဲ့ နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ဖြစ်နိုင်တဲ့အတွက် ကုသိုလ်ပြုပြီးတိုင်း ဣဒံမေပုညံ အာသဝက္ခယံ ဝဟံ ဟောတု ဤကောင်းမှုသည် နိဗ္ဗာန်ကို ပေးဆောင်နိုင်ပါစေသတည်း၊ ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု ဤကောင်းမှုသည် နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ ဖြစ်စေသတည်းလို့ ဆုတောင်းလေ့ ရှိကြတာဖြစ်ပါတယ်။ရှေ့မှာပြခဲ့သလို နိဗ္ဗာန်ကို ဆုတောင်းခြင်းဖြင့် နိဗ္ဗာန်ချမ်းသာကို ခံစားလိုစိတ်ဖြစ်ကာ ဝိပဿနာတရားတွေကို လက်တွေ့ကျင့်ကြံဖြစ်ဖို့ အထောက်အပံ့ဖြစ်တဲ့အတွက် ကုသိုလ်ပြုပြီးတိုင်း ဤကုသိုလ်ကောင်းမှုကြောင့် နိဗ္ဗာန် ရောက်ရပါလို၏။ နိဗ္ဗာန်အထောက်အပံ့ ဖြစ်ရပါလို၏လို့တော့ ဆုတောင်းသင့်ပါတယ်ဆိုတဲ့အကြာင်း နှိုးဆော်လိုက်ရပါတယ်။(ဆရာသောင်းလွင်- ဘီအေ)ရေးသားပြုစုသည်။

No comments:

Post a Comment